စိမ်းစိမ်းစိုစိုနဲ့ စားချင်စဖွယ် အသီးတစ်မျိုးဟာ ရုံးပတီသီးပါ။ မိုးရာသီဆို ပိုလတ်ဆတ်ပြီး ပိုလည်း ဈေးပေါတဲ့ အသီးပါ။ ဟင်းချက်စားလေ့ ရှိပြီး အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း စားကြပါတယ်။ တစ်ပိုင်တစနိုင် အိမ်မှာလည်း စိုက်ပျိုးလို့ ရတဲ့ အပင်မျိုးပါ။ ရုံးပတီသီးကို ကြော်စား ချက်စားကြတာ အပြင် ဆီးချိုအတွက် ကောင်းတယ်ဆိုတဲ့အတွက် ရေစိမ်ပြီးတော့လည်း သောက်ကြပါတယ်။

ရုံးပတီသီးမှာ အမျှင်ဓာတ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်နဲ့ မက်ကနီဆီယမ်တို့ ပါဝင်ပါတယ်။ ရုံးပတီသီးကနေ ပေးတဲ့ အဓိက အကျိုးကျေးဇူးကတော့ နှလုံးကို ကာကွယ်ပေးခြင်း၊ အရိုးသန်မာခြင်း၊ ဆီးချိုကို ထိန်းပေးခြင်း၊ ရောင်ရမ်းခြင်းတို့ကို သက်သာစေခြင်းနဲ့ သွေးပေါင်ချိန် ထိန်းပေးခြင်းတို့ ဖြစ်ပါတယ်။ တစ်ခြား အကျိုးပြုတဲ့ အချက်တွေလည်း ရှိပါသေးတယ်။

ရုံးပတီသီးရဲ့ အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အူကို ပုံမှန်အလုပ်လုပ်စေပြီး အူကို ထိခိုက်စေမယ့် အရာတွေကို ကာကွယ်ပေးပါတယ်။ သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျှော့ချပေးပါတယ်။ ရုံးပတီသီးရဲ့ ခပ်ချွဲချွဲဟာ အသည်းကနေ အဆိပ်တွေကို ထုတ်ပေးနိုင်ပါတယ်။ (ဒါကြောင့် အမြည်းအနေနဲ့ ရုံးပတီသီးကင်စားကြတာနေမယ်) သွေးထဲက သကြားဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆီးချိုသမားတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံး အသီးပါ။

ရုံးပတီသီးရဲ့ Antioxidant ဟာ သွေးကြောနံရံတွေကို ကာကွယ်ပေးပြီး သွေးခဲတာတွေကို မဖြစ်စေပါဘူး။ ဗီတာမင်စီကြောင့်လည်း နှလုံးကျန်းမာရေးကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကို ကျစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးပါတယ်။ အရိုးအဆစ်တွေ သန်မာဖို့ အတွက် လိုအပ်တဲ့ ဓာတ်ပေါင်းစုတွေဟာ
ရုံးပတီသီးထဲမှာ ပါဝင်ပါတယ်။

ရုံးပတီသီးကို အာဟာရဓာတ်တွေ မပယ်စေဖို့ အပူအလွန်အကျွံပေးခြင်းကို သတိထားပါ။

Credit: thehealthsite