ဘယ်လောက်ဘဲ ဟင်းချက်တဲ့ လုပ်သက်ရင့်ရင့် အမှားတွေတော့ လုပ်မိတတ်ကြပါတယ်။ တခါတလေ အလျင်လိုလို့ဖြစ်ဖြစ်၊ ပျင်းသွားလို့ဘဲ ဖြစ်ဖြစ် အလွယ်လုပ်လိုက်တဲ့အခါမှာ ဟင်းလျာတွေရဲ့အရသာတွေ သိပ်မကောင်းတော့တာမျိုး ရှိတတ်ပါတယ်။

အမှားပြုလုပ်မိတိုင်း သင်က ဟင်းချက်တာမတော်တဲ့သူ မဟုတ်ပါဘူး။ သင်က တခြား ဟင်းချက်သူတွေ၊ စားဖိုမှူးတွေ လုပ်မိတဲ့အမှားမျိုးကိုဘဲ လုပ်မိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဟင်းချက်ရာမှာ ပြုလုပ်လေ့ရှိတဲ့ အမှားများကို ဝေမျှချင်ပါတယ်။

အညွှန်းတွေ၊ ဟင်းချက်နည်းတွေ သေချာ မဖတ်တာ

ဟင်းလျာအသစ်တစ်ခုကို စမ်းသပ်ချက်ကြည့်မယ်ဆိုရင် အညွှန်းတွေ၊ ဟင်းချက်နည်းတွေ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ကြည့်ဖို့လိုပါတယ်။

တခါတလေ ကိုယ်ဟင်းချက်နေရင်းနဲ့မှ ဟိုပစ္စည်း မေ့ကျန်သွားလို့၊ ဒီပစ္စည်း မေ့ကျန်သွားလို့နဲ့ ဆက်ချက်လို့မရတာတွေ၊ လိုချင်တဲ့ အရသာ မရတာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဟင်းလျာအသစ်ချက်မယ်ဆိုရင် ဟင်းချက်နည်းတွေကို သေချာဖတ်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို သေချာ မှတ်သားထားဖို့ လိုပါတယ်။

စိုနေတဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ခြင်း

ဟင်းသီးဟင်းရွက်တွေကို ခြောက်နေတဲ့အချိန်မှာ ချက်တာ ပိုကောင်းပါတယ်။ စိုနေတဲ့ အရွက်တွေက အပူချိန်နဲ့ထိတွေ့တဲ့အခါမှာ အလွယ်တကူ အရောင်ပြောင်းပြီး နွမ်းလွယ်ပါတယ်။

တို့ဖူးကို ကြော်ရင် ရေစိုစိုနဲ့ ကြော်လိုက်ရင် ကြွပ်တဲ့ အရသာ ခံစားမှုမျိုး ရရှိမှာမဟုတ်ပါဘူး။ တခါတလေ ဆီပူထဲကို အရွက်အစိုတွေ ထည့်မိလိုက်ရင် ဆီပေါက်တာမျိုးတောင် ဖြစ်တတ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို လက်ကိုင်ပုဝါအခြောက်အပေါ်မှာ ဖြန့်ခင်းပြီး လေသလပ်ကာ အခြောက်ခံပြီးမှ ဟင်းချက်ရင် အနံ့၊ အရသာ နဲ့ ပုံစံလေးပါ ကောင်းမွန်ပါလိမ့်မယ်။

ချက်တာကြာလို့ နွမ်းသွားခြင်း

ဟင်းသီးဟင်းရွက်တွေက စိမ်းစိမ်းစိုစိုလေးကနေ အညိုရောင်လိုလို နွမ်းသွားတာ ကြည့်ရတာ ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါက ဟင်းသီးဟင်းရွက်တွေကို ချက်တဲ့အချိန်ကြာသွားတာ သို့မဟုတ် မီးပြင်းသွားတာကြောင့် အရသာတွေလည်း မရှိတော့ပါဘူး။

ဒါကြောင့် မီးပြင်းပြင်းနဲ့ ကြော်ရမယ်ဆိုလည်း အိုးကို အကြာကြီး မီးဖိုပေါ် မတင်ထားဖို့လိုပါတယ်။

ဟင်းသီးဟင်းရွက်အပေါ်မှာလည်း မူတည်ပါတယ်။ မုန်လာဥနီတို့ အာလူးတို့ဆိုရင် ဟင်းချက်တဲ့အချိန်ကို ပိုပေးရပြီး ပဲတို့အစိမ်းရောင်ရှိတဲ့ အရွက်တွေဆိုရင် ခဏလေး ကြော်လိုက်၊ ချက်လိုက်တာနဲ့ ကျက်နေပါပြီ။