မိုးဦးကျ လေဦးကျပြီဆိုရင် ကနစိုးသီး အခိုင်လေးတွေကို ဈေးထဲမှာ မြင်နေရပါပြီ။ ရန်ကုန်က လူတွေ အဖို့ ကနစိုးပင်ကို မမြင်ဖူးပေမယ့် ကနစိုးသီးကိုတော့ သိကြမှာပါ။ ကနစိုးသီးပင်ဟာ အမြဲစိမ်းပင်မျိုး ဖြစ်ပြီး မိုးများတဲ့ ဒေသတွေမှာ ပေါက်လေ့ ရှိပါတယ်။ အပင် အရွယ်အစားကတော့ ပေ ၄၀-၅၀ ထိ ရှိပြီး ပင်စည်လုံးကတော့ ၃-၅ပေထိသာ ရှိကြတာပါ။ ကနစိုးသီးဟာ အပင်မှာ ပြွတ်နေအောင် သီးလေ့ ရှိပါတယ်။ ရှေးမြန်မာတွေကတော့ မြန်မာ့ စပျစ်သီးလို့ ခေါ်ခဲ့ကြပါတယ်။ ဇောသီးလို့လည်း တချို့ဒေသတွေက ခေါ်ကြပါတယ်။
ကနစိုးသီးဟာ မမှည့်ခင်မှာ အစိမ်းရောင် ရှိပြီး မှည့်လာတဲ့အခါ အပြင် အခွံလေးဟာ ဝါလာပါတယ်။ အခွံခွာလိုက်ရင်တော့ အထဲမျာ စားချင်စဖွယ် နှင်းဆီရောင် အမြွှာသုံးခုကို တွေ့ရမှာပါ။ ချိုချဉ် အရသာရှိပြီး စားလို့ မြိန်တဲ့ သရေစာ အသီးအနှံ တစ်မျိုးပါ။ သူ့မှာ အချို သို့ ချိုချဉ်ပင်နဲ့ အချဉ်ပင်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ မြန်မာနိုင်ငံ အပြင် အိန္ဒိယ၊ မလေးရှားကျွန်းစု၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံ မိုးများတဲ့ ဒေသတွေမှာ ပေါက်ရောက် ပါတယ်။ မြန်မာနိုင်ငံ မှာတော့ အစေ့ကို စိုက်ပျိုးကြပါတယ်။
ကနစိုးသီးမှာ ပရိုတင်း၊ ဗီတာမင် စီ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဖော့ဖရက်စ် တို့ ပါဝင်ပါတယ်။ အရေပြား ရောဂါတွေ အတွက် ကနစိုးပင်ရဲ့ အခေါက်ကို ပြုတ်ပြီး ရေချိုးပေးရင် သက်သာနိုင်ပါတယ်။ ကနစိုးသီးဟာ ခံတွင်းမြိန်တဲ့ အသီး ဖြစ်တာကြောင့် ကလေးတွေ အလွန် ကြိုက်ကြပါတယ်။ ကနစိုးသီးကို စားပေးရင် မူးဝေတာနဲ့ အော့အန်ချင်တာတွေကို သက်သာစေပါတယ်။ တန်ဆေး လွန်ဘေး ဖြစ်တတ်တာမို့ ကနစိုးသီးကို အလွန်အကျွံ စားမိရင်တော့ ဝမ်းပျက်၊ ဝမ်းလျှော၊ အစာမကြေ ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေ စားတဲ့အခါ သတိထားပေးဖို့ လိုပါလိမ့်မယ်။
Ref: မြန်မာစွယ်စုံကျမ်း
Photo:li.ru