Sugar Cane လို့ ခေါ်တဲ့ ကြံပင်ဟာ မြန်မာပြည်မှာတော့ သရေစာ အဖြစ် စားသုံးတဲ့ အစားအစာ ဖြစ်ပါတယ်။ အခုလို ပူပြင်းတဲ့ နွေရာသီမှာ ကြံရည်အေးအေးလေး သောက်လိုက်ရရင် ရင်အေးစေပြီး မောပန်းသမျှ ပျောက်ကင်းသွားတယ်လို့ ထင်ရပါတယ်။ ကြံကို ဖျော်ရည်အဖြစ် သောက်သုံးကြသလို ဒီအတိုင်းလည်း စားကြပါတယ်။ ကြံဆစ်လေးတွေကို ခုတ်ပြီး ဒီအတိုင်း ၀ါးပြီး အရည်ကို စားကာ အဖတ်တွေကို ပြန်ထွေးထုတ်ရပါတယ်။ ကြံကို ကြံသကာအဖြစ်လည်း လုပ်ပြီးစားကြပါသေးတယ်။

Source: FirstCry Parenting

ကြံဟာ မြန်မာတွေ နွေရာသီမှာ စားနေကြ သရေစာ တစ်ခု ဖြစ်ပေမယ့် ကောင်းကျိုးကိုတော့ သိသူနည်းပါတယ်။ ကြံရည်ကို သံပုရာသီး၊ ဇီး၊ လိမ္မောရည် တို့နဲ့ ရောစပ်ပြီးတော့လည်း သောက်သုံးကြ ပါတယ်။ ကြံရည်မှာ ဗီတာမင် ဘီ၊ ဗီတာမင် စီနဲ့ သံဓာတ်၊ မဂ္ဂနီစီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကြံရည်ဟာ ရေငတ်ပြေစတဲ့ အပြင် လန်းဆန်းစေသော အာနိသင်ကိုလည်း ပေးစွမ်းပါတယ်။ ဒါ့အပြင် ကြံရည်မှာ ကယ်လိုရီများစွာ ပါဝင်တဲ့အခါ ပိန်တဲ့သူတွေ ၀ိတ်တိုးဖို့ ဆိုရင် ကြံရည်သောက်သုံးပေးနိုင်ပါတယ်။

Source: lifealth.com

ကြံပင်မှာ အနီ၊ အဖြူနဲ့ အညိုဆိုပြီး သုံးမျိုး ရှိပါတယ်။ ကြံရည်ကိုတော့ အညိုပင်နဲ့ အဖြူပင်တို့ကနေ အများဆုံး ပြုလုပ်ပါတယ်။ ကြံရည်ဟာ နွေရာသီမှာ အပူရှပ်ပြီး ဖျားချင်သလို ခံစားနေရသူတွေ ကြံရည်ကို ရေခဲမပါဘဲ သောက်သုံးပေးခြင်းဖြင့် ကိုယ်တွင်း အပူငြိမ်းစေပြီး ပရိုတင်းအားဖြည့်ပေးပါတယ်။ နေပူလောင်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ အတွက် အညိုရောင်ကြံရည်ဟာ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး လန်းဆန်းစေပါတယ်။ ကျောက်ကပ်ကို အားဖြည့်ပေးပြီး ဆီးပူခြင်း၊ ဆီးချုပ်ခြင်းနဲ့ ဆီးအောင့်ခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။

Source: aaj.tv

ပိုတက်စီယမ်ဓာတ် ပါဝင်တဲ့ အတွက် ၀မ်းကို ပျော့ပျော့သွားစေပြီး အစာအိမ်ကျန်းမာရေး အတွက် ထောက်ပံ့ပေးပါတယ်။ ကြံရည်မှာ ပါတဲ့ သတ္တုဓာတ်တွေကြောင့် သွားကျန်းမာရေး ကောင်းမွန်စေပြီး အဆုတ်ကို ကျန်းမာစေနိုင်ပါတယ်။ ကြံရည်ကို နွေရာသီတွေမှာ အပူဓာတ် ငြိမ်းစေဖို့ သောက်သုံးဖို့ သင့်တော်ချိန် ကတော့ နေ့လည်ဘက်တွေပဲ ဖြစ်ပါတယ်။ ရေခဲတွေ ထည့်ဝင်မသောက်ဖို့တော့ အကြံပေးပါရစေ။ ကြံရည်သီးသန့်ကို သောက်သုံးခြင်းဖြင့် ပိုပြီး ထိရောက်စေပါတယ်။ အားလုံးပဲ ကျန်းမာကြပါစေ။

Credit: Dr Singh