သင့် ခန္ဓာကိုယ်က သွားလာလှုပ်ရှားပြီး အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် ကယ်လိုရီတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီပမာဏ မြင့်မားတဲ့ အစားအစာများကို စားသုံးပြီး ထိုကယ်လိုရီများကို မသုံးစွဲပါက အဝလွန်ခြင်းကို ဖိတ်ခေါ်နေတာနဲ့ တူပါတယ်။

ဝိတ်ကျချင်သူများအနေနဲ့ ကိုယ်လက်လှုပ်ရှားခြင်းကို များများပြုလုပ်ပေးရမှာဖြစ်ပြီး ကယ်လိုရီပမာဏနည်းပါးတဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။ ဒါ့ကြောင့် ဝိတ်ကျချင်သူများအတွက် ကယ်လိုရီပမာဏ မဆိုစလောက်သာပါဝင်သော အစားအစာများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပန်းသီး

ပန်းသီး ၁၂၅ ဂရမ်မှာ ၅၇ ကယ်လိုရီသာပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ဝိတ်ကျချင်သူအတွက်ရော အသားအရေလှပချင်သူများအတွက်ပါ သင့်တော်တဲ့ အသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်။

၂။ ကညွှတ်

ကညွှတ်ကြော် ကြိုက်နှစ်သက်သူများအတွက် သတင်းကောင်းလေးတစ်ခုကတော့ ကညွှတ်မှာ ၂၇ ကယ်လိုရီသာ ပါဝင်ပြီး ဗီတာမင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

၃။ ပန်းဂေါ်ဖီစိမ်း

ကမ္ဘာပေါ်မှာ အာဟာရအပြည့်ဝဆုံး ဟင်းသီးဟင်းရွက်တွေထဲမှာ ပန်းဂေါ်ဖီစိမ်းလည်း တစ်မျိုးအပါအဝင်ပါပဲ။ ပန်းပွင့်လေးတွေပါဝင်တဲ့ ဟင်းသီးဟင်းရွက်မျိုးနွယ်ဝင်ဖြစ်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ၉၁ ဂရမ်မှာ ၃၁ ကယ်လိုရီသာ ပါဝင်ပြီး ဗီတာမင်စီဓာတ် ၁၀၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။

၄။ ပဲပင်ပေါက်

အစိမ်းစားလို့လည်း ရသလို ပြုတ်စားလို့လည်း ရတဲ့အပြင် ကြော်စားလို့လည်းရတဲ့ ပဲပင်ပေါက် ၈၈ ဂရမ်မှာ ၃၈ ကယ်လိုရီသာ ပါဝင်ပါတယ်။

၅။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ် ၈၉ ဂရမ်မှာ ၂၂ ကယ်လိုရီဂရမ်ပဲ ပါဝင်တာကြောင့် ဟင်းရွက်သုပ် လုပ်စားတဲ့အခါ ဂေါ်ဖီထုပ်ကို မဖြစ်မနေ ထည့်ပေးရပါမယ်။

၆။ မုန်လာဥနီ

မုန်လာဥနီက မျက်စိအားကောင်းစေတဲ့ အစွမ်းထက် ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် နာမည်ကြီးပါတယ်။ မုန်လာဥနီ ၁၂၈ ဂရမ်မှာ ၅၃ ကယ်လိုရီသာ ပါဝင်ပါတယ်။

၇။ သံပုရိုသီး၊ သံပုရာသီးနှင့် ရှောက်သီးမျိုးနွယ်ဝင်များ

အမောပြေအောင် သံပုရာသီး ဖျော်သောက်ချင်တာလား၊ ဒါမှမဟုတ် ဟင်းချက်တဲ့အခါ သံပုရိုသီးလေး ညှစ်ထည့်ချင်တာလား၊ ငပိရည် တို့စရာနဲ့ တို့စားချင်တာလား မျိုးစုံ စားသုံးလို့ရတဲ့ သံပုရာသီးမျိုးနွယ်ဝင်တွေက ဝိတ်ကျရာမှာ အထောက်အကူဖြစ်တာကိုတော့ အားလုံးအသိပဲဖြစ်ပါတယ်။ သံပုရာရည် ၃၀ ဂရမ်မှာ ၈ ကယ်လိုရီသာ ပါဝင်ပါတယ်။

၈။ သင်္ဘောသီး

ဗီတာမင် အေနဲ့ ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါဝင်တဲ့ သင်္ဘောသီး ၁၄၀ ဂရမ်မှာ ၅၅ ကယ်လိုရီသာ ပါဝင်ပါတယ်။ သင်္ဘောသီး အစိမ်းကို သုပ်စားချင်တာလား၊ သင်္ဘောသီးထောင်း စားချင်တာလား ဒါမှမဟုတ် သင်္ဘောသီးဖျော်ရည် သောက်ရင်လည်း အမောပြေစေသလို အသားလည်း လှစေမှာပဲဖြစ်ပါတယ်။

၉။ စတော်ဘယ်ရီ

စတေယ်ဘယ်ရီသီး ၁၅၂ ဂရမ်မှာ ၅၀ ကယ်လိုရီသာ ပါဝင်ပါတယ်။ သုတေသနလေ့လာချက်များအရ ဘယ်ရီသီးများက ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

အခြား ကယ်လိုရီနည်းပါးတဲ့ အစားအစာများကတော့ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ တရုတ်နံနံ၊ သခွားသီး၊ ကြက်သွန်ဖြူနဲ့ ကိုက်လံတို့ပဲဖြစ်ပါတယ်။

Source: healthline.com