ဖုန်မှုန့်နဲ့ အညစ်အကြေးများ ကပ်ငြိခြင်းကြောင့်သော်လည်းကောင်း၊ မိမိအသုံးပြုတဲ့ အလှကုန်ပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်းကြောင့် သော်လည်းကောင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းကြောင့်သော်လည်းကောင်း ဝက်ခြံနဲ့အမဲစက်တွေ ဖြစ်ပေါ်တတ်ပါတယ်။

အစားအသောက်ကြောင့် ဝက်ခြံပေါက်ရခြင်းအကြောင်းအရင်းကိုတော့၂၀၁၀ ခုနှစ်က လေ့လာခဲ့တဲ့သုတေသနလေ့လာချက်များအရ သိရှိရတာပဲဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ဝက်ခြံနဲ့အမဲစက်တို့ကို ဖြစ်ပေါ်စေသလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပေါင်မုန့်၊ ဂျုံဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ဆိုဒါများ

ထိုအစားအစာများကို နည်းနည်းပဲ စားသုံးမယ်ဆိုရင်တောင် ဝက်ခြံပေါက်တတ်ပါတယ်။ ထိုအစားအစာထဲမှာပါဝင်တဲ့ သကြားဓာတ်က ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်ပမာဏကို မြင့်တက်သွားစေလို့ပဲဖြစ်ပါတယ်။ ဆိုဒါကဲ့သို့ အချိုရည်တွေမှာ သကြားဓာတ်အမြောက်အမြားပါဝင်ပြီး ထိုသကြားဓာတ်များက သင့် သွေးကြောထဲသို့ စိမ့်ဝင်သွားကာ သင့် အသားအရေကို အကြီးအကျယ် ပျက်စီးထိခိုက်စေမှာပဲဖြစ်ပါတယ်။

နို့ထွက်ပစ္စည်းများ၊ ရေခဲမုန့်၊ ချိစ်နှင့် နို့ချောကလက်

ထိုအစားအစာများ စားသုံးခြင်းက ခန္ဓာကိုယ်ရှိ သကြားပမာဏကို မြင့်တက်စေပါတယ်။ ထိုနို့ထွက်ပစ္စည်းထဲမှာ ကြီးထွားမှုကို မြင့်မားစေတဲ့ ဟော်မုန်းများပါဝင်ပြီး ဆဲလ်များ အတားအဆီးမဲ့ ပျံ့ပွားလာခြင်းကြောင့် ချွေးပေါက်များ ပိတ်သွားပြီး ဝက်ခြံတွေ ထွက်လာပါတော့တယ်။

အာလူးချောင်းကြော်၊ ဘာဂါ၊ ပီဇာ စတဲ့ အသင့်စား အစားအစာများ

အသင့်စား အစားအစာများက စားသုံးရတာ လွယ်ကူပြီး အရသာလည်း အင်မတန်ရှိတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ထိုအစားအစာထဲမှာ ဟော်မုန်းပမာဏကို အနှောင့်အယှက်ဖြစ်စေပြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ ပြည့်ဝဆီတွေ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ အရသာရှိတယ်ပဲပြောပြော ဝက်ခြံမထွက်ချင်ရင်တော့ ရှောင်ကြဉ်သင့်ပါတယ်။

ကော်ဖီ၊ ဝိုင်၊ ဘီယာ၊ စီးကရက် စတဲ့ ကာဖိန်းဓာတ်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရာများ

ကော်ဖီသောက်လိုက်ရင် လန်းဆန်းသွားတယ်ဆိုပေမယ့် သူ့ထဲမှာ ပါဝင်တဲ့ ကာဖိန်းဓာတ်က ဝက်ခြံထွက်စေပါတယ်။ ကော်ဖီများများသောက်လိုက်မယ်ဆိုရင် သင့် ခန္ဓာကိုယ်ထဲမှာ Cortisol ပမာဏက မြင့်တက်သွားပြီး အင်ဆူလင်ပမာဏလည်း တိုးသွားမယ့်အပြင် စိတ်ဖိစီးမှုတွေလည်း ခံစားရပါလိမ့်မယ်။ ထိုစိတ်ဖိစီးမှုများက ဝက်ခြံထွက်စေတဲ့ အဓိကတရားခံတွေပဲဖြစ်ပါတယ်။

ခေါက်ဆွဲဘူးကဲ့သို့ ဘူးထဲထည့်ထားသော တာရှည်ခံအစားအစာများ၊ စည်သွပ်ဘူး အစားအစာများ

စည်သွပ်ဘူး အစားအစာတွေက အလုပ်များနေချိန်မှာ အလွယ်တကူစားလို့ရတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိုအစားအစာတွေထဲမှာ အသားအရေကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းများ အလွန်အကျွံပါဝင်နေတဲ့အတွက်ကြောင့် ဝက်ခြံထွက်စေသလို အခန့်မသင့်ရင်လည်း အရေပြားယားယံခြင်းကဲ့သို့ ဓာတ်မတည့်ဝေဒနာကို ခံစားရနိုင်ပါတယ်။

Source: stylecraze.com