ထောပတ်သီးတွေဟာ အပင်ပေါ်ကနေ မခူးဆွတ်လိုက်သေးသရွေး လုံးဝမှည့်လာမှာမဟုတ်ပေမယ့်လည်း ခူးပြီးသွားပြီဆိုရင်တော့ မြန်မြန်ဆန်ဆန် မှည့်လာတတ်ကြပါတယ်။

မှည့်လာပြီဆိုတာနဲ့ အချိန်အနည်းငယ်အတွင်းမှာ မစားသုံးဘူးဆိုပါက ရက်အနည်းငယ်ကြာတာနဲ့ ပုပ်သိုးသွားတော့မှာဖြစ်ပါတယ်။

တစ်ခါတစ်လေတော့လည်း ထောပတ်သီးက ပုပ်သွားပြီလား၊ ကောင်းသေးလားဆိုတာကို သိပ်ပြီး သေချာမခွဲနိုင်လောက်အောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပုပ်သွားတာကို စားမိတာမဖြစ်ရလေအောင် အခုဖော်ပြပေးမယ့် အချက်လေးတွေကို သေချာဖတ်ထားကြည့်ဖို့တော့ လိုပါလိမ့်မယ်။

အဆင့် (၁)

ထောပတ်သီးရဲ့အပြင်အခွံကို စစ်ဆေးပါ။ အခွံမှာ သိသာထင်ရှားတဲ့ မှိုရှိနေရင် ဒါမှမဟုတ် ချဉ်စုပ်စုပ် အနံ့ထွက်နေပြီဆိုရင် ထောပတ်သီးကို စားသုံးဖို့မသင့်တော့ပါဘူး။

အဆင့် (၂)

အရောင်ကိုကြည့်ပါ။ ထောပတ်သီးအမျိုးအစားတိုင်းမှာလည်း အရောင်အစုံအလင်ရှိတဲ့အတွက်ကြောင့်မို့လို့ ကိုယ်ဝယ်ထားတာက ဘာအသီးမျိုးလဲဆိုတာ အရင်စစ်ဆေးပါ။

အဆင့် (၃)

ထောပတ်သီးကို လက်မှာကိုင်ထားပြီး အသာလေးညှစ်ကြည့်လိုက်ပါ။ ထောပတ်သီးက မှည့်နေပြီဆိုရင် အသာလေးညှစ်ရင်တောင် အတန်ငယ်ပျော့ဝင်သွားမှာဖြစ်ပြီး အသာလေးညှစ်တာကို အလွန်ကြီး အတွင်းကိုနစ်ဝင်သွားတယ်ဆိုရင်တော့ ထောပတ်သီးက မကောင်းတော့ပါဘူး။

အဆင့် (၄)

ထောပတ်သီးမှည့်မမှည့်သိချင်ရင် ထောပတ်သီးအညှာကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ အကယ်လို့အညှာကို ဖယ်ကြည့်လို့ အလွယ်တကူရွေ့လျားတယ်ဆိုရင်တော့ ထောပတ်သီးမှည့်နေတာသိရမှာဖြစ်ပြီး အတွင်းသားအရောင်ကိုလည်း မြင်ရနိုင်ပါတယ်။

အဆင့် (၅)

ထောပတ်သီးပုပ်သွားပြီလားဆိုတာ စစ်ဆေးဖို့အတွက် အမြန်ဆုံးနည်းလမ်းကတော့ အလယ်ကနေ ခြမ်းကြည့်လိုက်တာပါပဲ။ ထောပတ်သီးကကောင်းသေးတယ်ဆိုရင် အသားက စိမ်းဖျော့ဖျော့အရောင်လေးရှိရမှာဖြစ်ပြီး ဒီလိုမဟုတ်ဘဲ အရောင်က မည်းညစ်ညစ်ဖြစ်နေပြီဆိုရင်တော့ သေချာပေါက်လွှင့်ပစ်သင့်ပါပြီ။

အဆင့် (၆)

အလယ်ကခြမ်းပြီးတာတောင်မှ အသားရဲ့အရောင်ကို သေချာမခွဲတတ်သေးဘူးဆိုရင် နောက်ဆုံးလုပ်ဖို့ကတော့ အရသာမြည်းကြည့်ဖို့ပါပဲ။ ညိုညစ်ညစ်ဖြစ်နေတဲ့နေရာတွေကိုရှောင်ပြီး အစိမ်းရောင်အသားရှိနေတဲ့ နေရာလေးက အသားအနည်းငယ်ကိုယူကာ မြည်းကြည့်လိုက်ပါ။ အရသာက အိအိလေးနဲ့ အတန်ငယ်ချိုစိမ့်တဲ့အရသာရှိရပါမယ်။ အကယ်လို့ ထူးဆန်းဆန်းအရသာကြီးဆိုရင်တော့ ချက်ချင်းသာထွေးထုတ်ပစ်လိုက်ပါ။

အမှည့်မလွန်အောင် ဘယ်လိုသိမ်းမလဲ

အကယ်လို့ ကိုယ်က ထောပတ်သီးဝယ်လာပြီးမှ ချက်ချင်းမစားဖြစ်သေးဘူးဆိုရင် အမှည့်မလွန်အောင် ရေခဲသေတ္တာထဲမှာသိမ်းဆည်းပါ။ လှီးဖြတ်မထားတဲ့ ထောပတ်သီးအမှည့်ကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားမယ်ဆိုရင် အနည်းဆုံး ၂၀ ရက်အထိ အထားခံပါတယ်။

Credit: wikihow.com