လူတိုင်းကတော့ လှပတဲ့အသားအရေနဲ့ ကျန်းမာရေးကောင်းတာမျိုးလေးတွေဆိုရင် ပိုင်ဆိုင်ချင်ကြတာပဲလေ။ ဒီလိုမျိုးဖြစ်ဖို့ဆိုတာလည်း အလှကုန်ပစ္စည်းတွေကိုပဲ အားကိုးနေလို့တော့မရသေးဘူးပေါ့။

ခန္ဓာကိုယ်အတွင်းပိုင်းမှာ တကယ်လိုအပ်နေတဲ့အရာတွေကို ဖြည့်ပေးနိုင်ပြီးကျန်းမာစွာနေထိုင်တတ်ဖို့က အရေးကြီးဆုံးဆိုတော့ လှပတဲ့အသားအရေမျိုးကိုလည်းလိုချင်တယ်၊ ကျန်းမာရေးလည်းကောင်းချင်ပါတယ်ဆိုတဲ့ ပျိုမေတို့အတွက် အိမ်တွင်းနည်းလမ်းကောင်းလေးတစ်ခုကို ပြောပြပေးလိုက်မယ်နော်။

မုန်လာဥနီကိုဒီတိုင်းဖျော်မသောက်ပဲ ဂျင်းလေးနဲ့ရောပြီး ဖျော်သောက်ပေးမယ်ဆိုရင် ရရှိမယ့်ကောင်းကျိုးတွေကတော့ အများကြီးပါပဲနော်။ မုန်လာဥနီ ၄ ဥ၊ ဂျင်း တစ်လက်မတို့ကို သေချာအခွံနွှာပြီး ပါးပါးလေးတွေလှီးထားပေးလိုက်ပါ။ ပြီးရင်တော့အသီးဖျော်တဲ့စက်ထဲထည့်ပြီး ဖျော်ရည်လိုမျိုးဖြစ်သွားအောင် ကြိတ်ပေးပြီး ဆားလေးအနည်းငယ်နဲ့ ရှောက်သီးအရည်အနည်းငယ် ညှစ်ထည့်ပြီး ပုံမှန်နေ့တိုင်းသောက်ပေးသင့်ပါတယ်။ ဒီလိုမျိုးသောက်ပေးမယ်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြချင်ပါသေးတယ်။

မုန်လာဥနီနဲ့ ဂျင်းဖျော်ရည်ကို တစ်ပတ်ကိုတစ်ခါလောက်ပဲဖြစ်ဖြစ် ပုံမှန်သောက်ပေးသွားမယ်ဆိုရင် ကိုယ်ခံအားစနစ်တွေကို ကောင်းမွန်စေပြီး ရာသီအပြောင်းအလဲကြောင့်ဖြစ်တဲ့ အအေးမိဖျားနာတာတွေကိုလည်း ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ အသားအရေအတွက်ဆိုရင်လည်း ပျက်စီးနေတဲ့အသားအရေမျိုးတွေကို ပြန်လည်ပြီးလှပလာစေအောင်စွမ်းဆောင်ပေးနိုင်တာမျိုးတွေကို တွေ့ရပါတယ်။ အပေါ်ယံအရေပြားကိုပဲ လှပအောင်ဖန်တီးပေးတာမဟုတ်ပဲ အတွင်းပိုင်းကနေပြီး ပြုပြင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ထိရောက်မှုလည်းရှိတာပေါ့။

ပြုလုပ်ရတာလည်းသိပ်ပြီး ပင်ပန်းခက်ခဲတာမျိုးမရှိပဲ အလွယ်တကူဖျော်လို့ရပြီး အချိန်လည်းသိပ်ပြီးပေးစရာမလိုတော့ တစ်ပတ်ကိုနှစ်ကြိမ်လောက်တော့ ပုံမှန်သောက်ပေးပြီး အနည်းဆုံးတစ်ကြိမ်လောက်တော့ မဖြစ်မနေသောက်ပေးလို့ရပါတယ်။

Photo Source: Unsplash