စူပါမားကတ်တွေ၊ ဈေးတွေကို နေ့တိုင်းလိုလို သွားရောက်တတ်ကြပေမယ့်လည်း မိမိတို့ရဲ့ဈေးဝယ်ထွက်တဲ့ အလေ့အကျင့်အချို့က မှားယွင်းနေမလားဆိုတာကို ဘယ်သူမှမတွေးတောမိလောက်ကြပါဘူး။

ဒါကြောင့် ဒီတစ်ခါမှာလည်း ဈေးဝယ်တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ပြဿနာတွေကို ဖော်ပြပေးမှာဖြစ်ပြီး အရည်အသွေးလည်းမလျော့ဘဲ ပိုက်ဆံလည်း အကုန်အကျသက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အစီအစဉ်တကျဈေးမဝယ်တတ်ခြင်း

စူပါမားကတ်တွေရောက်တဲ့အခါမှာ ကိုယ်ဝယ်ယူတဲ့ပစ္စည်းအရေအတွက်ကို ကန့်သတ်ထားဖို့အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ဈေးဝယ်ထွက်ပြီဆိုတာနဲ့ နေရာအလွန်ယူတတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကြိုတင်ဝယ်ယူထားတာက အခြားမလိုအပ်တဲ့ပစ္စည်းတွေ မဝယ်နိုင်တော့အောင် ဟန့်တားပေးနိုင်ပါတယ်။

၂။ ပုံမှန်ဝယ်ယူနေကျ ပစ္စည်းတွေရဲ့ဈေးနှုန်းကိုမသိခြင်း

မိမိပုံမှန်ဝယ်ယူနေကျဖြစ်သည့် ကုန်ပစ္စည်းများရဲ့ဈေးနှုန်းတွေကို မှတ်ထားပါ သို့မဟုတ် ချရေးပါ။ ဒီလိုမျိုးပြုလုပ်ပေးခြင်းက လိမ်ညာပြီးရောင်းချမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၃။ ကြိုတင်မစီမံထားခြင်း

တနလာၤနေ့မှ သောကြာနေ့အထိ ဘာချက်မလဲဆိုတာကို ကြိုတင်စီမံထားခြင်းက ဟင်းလျာတွေကိုပြင်ဆင်ဖို့ ဘယ်ကုန်ပစ္စည်းတွေကို ဝယ်ယူရမလဲဆိုတာ အမြဲသိနေလို့ မလိုအပ်တဲ့အရာတွေကို မဝယ်မိအောင် တားဆီးပြီးသားဖြစ်သွားမှာပါ။

၄။ ပစ္စည်းတွေရဲ့အလေးချိန်ကိုအာရုံမထားခြင်း

အရွယ်အစားပုံစံတူသော်လည်း ဈေးနှုန်းမတူတဲ့ ပစ္စည်းနှစ်ခုကို တွေ့တဲ့အခါမှာ လူတိုင်းကတော့ ဈေးသက်သာတာကိုပဲ ဝယ်ယူကြဖို့ အလားအလာများပါတယ်။ ဒါပေမယ့်လည်း ကုန်ပစ္စည်းနှစ်ခုရဲ့အလေးချိန်ကို သေချာယှဉ်ကြည့်ပါ။ အလေးချိန်များတဲ့တစ်ခုက အချိန်ကြာကြာအသုံးပြုနိုင်မှာဖြစ်လို့ သေချာစဉ်းစားပြီးမှ ဝယ်ယူပါ။

၅။ ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုလျစ်လျူရှုခြင်း

စူပါမားကတ်များမှာ အမှတ်တံဆိပ်မျိုးစုံနဲ့ ကုန်ပစ္စည်းတွေကို ရောင်းချနေပြီး ထိုကုန်ပစ္စည်းတွေက လူသိများတဲ့တံဆိပ်တွေထက် ဈေးသက်သာပါတယ်။ သို့သော်လည်း အရည်အသွေးကတော့ ကွာမှကွာလွန်းလို့ ယုံကြည်စိတ်ချရတဲ့ ပစ္စည်းတွေကိုပဲ ဝယ်ယူသုံးစွဲပါ။

၆။ ဈေးမကြီးသည့်ပစ္စည်းများကို ရှောင်ရှားခြင်း

သကြား၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားတူညီတဲ့ပစ္စည်းလေးတွေဟာ အခြားလှလှပပထုတ်ပိုးထားတဲ့ ကုန်ပစ္စည်းတွေလို သင့်တင့်လျှောက်ပတ်တဲ့ ဈေးနှုန်းလေးတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

၇။ အတန်းရဲ့ရှေ့ဆုံးကပစ္စည်းများကိုရွေးချယ်ခြင်း

ဒိတ်ကုန်ခါနီးတဲ့ ပစ္စည်းတွေကို ရှေ့ဆုံးမှာထားတတ်တဲ့အတွက် အလတ်ဆတ်ဆုံးပစ္စည်းများကို ရရှိဖို့ နောက်ဆုံးမှာရှိနေတဲ့ပစ္စည်းများကို အမြဲရှာယူပါ။