အပြေးသမားတိုင်းအတွက် အရေးအကြီးဆုံးကတော့ ခွန်အားပြည့်နေဖို့ပဲဖြစ်ပါတယ်။ ဒီလိုခွန်အားပြည့်နေဖို့ဆိုတာကလည်း မိမိစားသုံးတဲ့ အစားအစာပေါ် မူတည်နေပါတယ်။ ဒါ့ကြောင့် အာဟာရပြည့်ဝတဲ့ အစားအစာများ ခွန်အားဖြည့်တင်းပေးမယ့် အစားအစာများကိုသာ သေချာရွေးချယ်ရမှာပါ။ ဒါ့အပြင် မိမိ ပြေးနေစဉ် အတောအတွင်းမှာလည်း ဗိုက်မအောင့်ဖို့နဲ့ ခွန်အားတွေ အလျင်အမြန်မဆုံးရှုံးသွားဖို့ အရေးကြီးပါတယ်။

ပြေးပြီးသွားတဲ့အခါ ခွန်အားတွေဆုံးရှုံးသွားမယ်ဆိုရင်လည်း အားပြန်ဖြည့်ပေးမယ့် အစွမ်းထက် အစားအစာတစ်မျိုးရှိပါတယ်။ ထိုအစားအစာကတော့ ပျားရည်ပဲဖြစ်ပါတယ်။ ဘာ့ကြောင့် ပျားရည်ကို စားသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

သဘာဝအစားအစာတစ်မျိုးဖြစ်သောကြောင့်

ပျားရည်ထဲမှာ အားအင်တွေ ပြန်လည်ဖြည့်တင်းပေးမယ့် သကြားဓာတ်ပါဝင်ပါတယ်။ အခြားသော သကြားဓာတ်လွန်ကဲတဲ့ အစားအစာတွေထက် သဘာဝသကြားဓာတ်ကို မှီဝဲမယ်ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ အစားအစာကို စားသုံးတာကြောင့် ကျန်းမာရေးအတွက် စိတ်ပူစရာမလိုပါဘူး။

သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ပေးစွမ်းနိုင်ခြင်း

သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တွေ များနေမယ်ဆိုရင် သင့်ရဲ့ အစာချေစနစ်ကို နှေးကွေးစေမှာပါ။ ဒါဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်ကို စုပ်ယူဖို့ အချိန်ကြာသွားပါလိမ့်မယ်။ ပျားရည်ကို ရေနဲ့ ဖျော်သောက်ပေးလိုက်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်သွားမှာပဲဖြစ်ပါတယ်။

အဆာပြေသရေစာမုန့်အဖြစ် စားသုံးနိုင်ခြင်း

လေတွေနဲ့ ဖောင်းပွပြီး တာရှည်ခံအောင် ပြုလုပ်ထားတဲ့ သရေစာတွေက သင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ပျားရည်နဲ့ ပြုလုပ်ထားတဲ့ သရေစာမုန့်တွေ စားသုံးပေးမယ်၊ ဒါမှမဟုတ် ကွတ်ကီးပေါ်ကို ပျားရည်ဆမ်း စားလိုက်မယ်ဆိုရင် သင့်ရဲ့ကြွက်သားတွေ အားပြန်ပြည့်သွားမှာပဲဖြစ်ပါတယ်။

Antioxidants ကြွယ်ဝခြင်း

Antioxidants ကြွယ်ဝတဲ့ အစားအစာတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ပျားရည်လေးကိုသာ သတိရလိုက်ပါ။ Antioxidants က သင့်ရဲ့ သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကိုလည်း ပြေပျောက်စေတဲ့အပြင် ကျန်းမာရေးအတွက် အခြားကောင်းကျိုးအမြောက်အမြားကိုလည်း ဆောင်ကျဉ်းပေးနိုင်ပါသေးတယ်။

Source: runnersworld.com