အာဟာရပြည့်ဝတဲ့အစားအစာတွေက သင့်ကျန်းမာရေးအတွက်လည်း အရေးကြီးသလို အသားအရေအလှအပအတွက်လည်း အင်မတန် အရေးကြီးပါတယ်။ အာဟာရမျှတမှုမရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပျက်စီးစေနိုင်ပြီး ကိုယ်အလေးချိန်တက်စေတဲ့အပြင် နှလုံးနဲ့ အသည်းတို့လို အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

အသားအရေအလှအပအတွက် အလှကုန်ပစ္စည်းတွေပေါ်မှာပဲ အားကိုးနေလို့မရပါဘူး။ အစားအသောက်ကလည်း အဓိကကျတာကြောင့် အသားအရေကျန်းမာလှပစေဖို့အတွက် ဘယ်လိုအစားအစာတွေ မှီဝဲစားသုံးသင့်လဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ငါးကြီးဆီ

Source: Shutterstock

ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ပင်လယ်ငါးသလောက်တွေက အသားအရေလှပဖို့အတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ သူတို့ထဲမှာပါဝင်တဲ့ Omega-3 Fatty Acids က အသားအရေအလှအပကို တင်းတင်းရင်းရင်းလေးနဲ့ စိုစိုပြေပြေလေးဖြစ်အောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးခြင်းမှလည်း အလိုအလျောက်ကာကွယ်ပေးနိုင်ပါသေးတယ်။

ထောပတ်သီး

Source: Shutterstock

ကျန်းမာတဲ့သဘာဝအဆီတွေပါဝင်တဲ့ ထောပတ်သီးက အကောင်းဆုံးဗီတာမင်အီး အရင်းအမြစ်ပဲဖြစ်ပါတယ်။ Antioxidant တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေခြောက်သွေ့ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပြီး အရေးအကြောင်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အသက်အရွယ်ကြီးလာပေမယ့် ဆယ်ကျော်သက်လေးလို နုနယ်ပျိုမျစ်ချင်တယ်ဆိုရင် ထောပတ်သီးကို မှန်မှန်စားသုံးပါ။

နေကြာစေ့

Source: Shutterstock

ယေဘုယျအားဖြင့် မြေပဲ၊ နေကြာစေ့တို့လို အစေ့အဆံတွေက အသားအရေအတွက် အထောက်အကူပြုတဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ထိုအစေ့အဆံတွေထဲကမှ နေကြာစေ့က အစွမ်းအထက်ဆုံးပါပဲ။ သူ့မှာ ပါဝင်တဲ့ ဗီတာမင်အီးက အသားအရေလှပဖို့အတွက် လိုအပ်တဲ့ Antioxidant တွေကို ကောင်းကောင်းကြီးအထောက်အပံ့ပေးနိုင်ပါတယ်။

ငရုတ်ပွအနီ (သို့) အဝါ

Source: Shutterstock

ငရုတ်ပွမှာ ပါဝင်တဲ့ Beta-Carotene က ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ဗီတာမင်အေ အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် သူတို့ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီက အသားအရေ တင်းတင်းရင်းရင်းလေးဖြစ်နေစေဖို့ လိုအပ်တဲ့ ပရိုတင်း Collagen အဖြစ်သို့ ပြောင်းလဲပေးနိုင်တာကြောင့် ပါးရေတွန့်ခြင်းမှ ကင်းဝေးနိုင်ပါတယ်။

ခရမ်းချဉ်သီး

Source: Shutterstock

ခရမ်းချဉ်သီးက အရည်ရွှမ်းတဲ့အစားအစာတစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေစိုစိုပြေပြေလေးဖြစ်နေအောင် ကူညီပေးနိုင်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ Beta-Carotene ၊ Lutein နဲ့ Lycopene တို့က ပူပြင်းတဲ့နေလောင်ဒဏ်ကြောင့်အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ အနက်ရောင်ချောကလက်၊ ပဲအမျိုးမျိုး၊ Green Tea နဲ့ ဝိုင်နီတို့ကလည်း အသားအရေအတွက် အထူးကောင်းမွန်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အခုဖော်ပြသွားတဲ့အစားအစာတွေအကုန်လုံးကို မှန်မှန်မှီဝဲတယ်ဆိုရင်တော့ သင့်အသားအရေက စိုစိုပြေပြေ တင်းတင်းရင်းရင်းလေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။