အမြင်လှတဲ့အစားအစာတိုင်းက အရသာမရှိနိုင်သလို သဘာဝအစားအစာအစစ်ဖြစ်တယ်လို့လည်း ရာနှုန်းပြည့် အာမ မခံနိုင်ပါဘူး။ အချို့သစ်သီးတွေက သီးထွက်အားကောင်းအောင် အလုံးကြီးအောင်ဆိုပြီး ဓာတုဆေးတွေထိုး၊ ဆေးသကြားတွေ ထိုးနဲ့ ချိုရဲပြီး အလုံးကြီးနေတတ်ပါတယ်။ ရေရှည်စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

ဒါဆိုရင် မိမိဝယ်ယူစားသုံးမယ့် အစားအစာက အရည်အသွေး ကောင်း မကောင်း ဘယ်လိုစမ်းသပ်ရမလဲ။

နာနတ်သီး ဝယ်တဲ့အခါ

နာနတ်သီး ဝယ်တဲ့အခါ အရောင်က အဓိက အကျဆုံးပါပဲ။ ရွှေဝါရောင် သမ်းနေတဲ့ နာနတ်သီးကတော့ ချက်ချင်းစားသုံးဖို့ အသင့်တော်ဆုံးပါပဲ။ တကယ်လို့ နာနတ်သီးအခွံပေါ်က မျက်စိပုံသဏ္ဍာန်နေရာလေးပေါ်မှာ ဖြူဖြူအဖတ်တွေရှိမယ်ဆိုရင် ထိုနာနတ်သီးက မမှည့်သေးပါဘူး။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးဝယ်တဲ့အခါ သင့်ရဲ့လက်ညှိုးနဲ့ လက်မဖြင့် အသီးကို အသာအယာဖိကြည့်လိုက်ပါ။ အသီးက တင်းတင်းရင်းရင်းလေး ရှိတယ် ဆိုရင်တော့ ဝယ်ယူသင့်ပါတယ်။ ဒါမှမဟုတ်ပဲ ညှစ်လိုက်တာနဲ့ ချိုင့်ဝင်သွားတယ်ဆိုရင် ထိုအသီးက အမှည့်လွန်နေပါပြီ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဝယ်တဲ့အခါ အသီးပေါ်မှာ အပြစ်အနာအဆာ ပါ မပါ စစ်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် အသီးကိုလည်း နမ်းကြည့်နိုင်ပါသေးတယ်။ အသီးက အနံ့မွှေးမွှေးလေး ရတယ်ဆိုရင် ဝယ်ယူလိုက်ပါ။ ဘာအနံ့မှ မရဘူးဆိုရင်တော့ မဝယ်ပါနဲ့တော့။

နွားနို့

မိမိ ဝယ်မယ့်နွားနို့က စစ် မစစ် စမ်းသပ်ချင်တယ်ဆိုရင်တော့ နည်းလမ်း နှစ်နည်းရှိပါတယ်။ အရင်ဦးဆုံး နွားနို့အနည်းငယ်ကို လက်ချောင်းလေးပေါ် တင်ကြည့်ပြီး လက်ဖဝါးကို ပွတ်တိုက်ကြည့်လိုက်ပါ။ ဆပ်ပြာအရည်လိုမျိုး ချောကျိကျိဖြစ်နေတယ်ဆိုရင်တော့ နွားနို့မစစ်ပါဘူး။

နောက်တစ်နည်းကတော့ နွားနို့အနည်းငယ်ကို ဖန်ခွက်ထဲထည့်ပြီး ဆား စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်လိုက်ပါ။ နွားနို့က အပြာရောင် ပြောင်းသွားတယ် ဆိုရင်တော့ အရည်အသွေးမကောင်းဘဲ ဓာတုပစ္စည်းတွေနဲ့ ရောနှောထားတဲ့ နွားနို့ပဲဖြစ်ပါတယ်။

ပျားရည်

ပျားရည် စစ် မစစ်ကိုလည်း မိမိအိမ်မှာပဲ အလွယ်တကူစစ်ကြည့်နိုင်ပါတယ်။ ပျားရည်စက် တစ်စက်ခန့်ကို လက်မပေါ် တင်ကြည့်လိုက်ပါ။ လက်မပေါ်ကနေ စီးကျသွားတယ်ဆိုရင်တော့ သင့်ပျားရည်က မစစ်ပါဘူး။ လက်မပေါ်မှာ ဒီအတိုင်းလေးပဲ ရှိနေတယ်ဆိုရင်တော့ ဒါက ပျားရည်စစ်စစ်ပဲ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ရေ ဖန်ခွက် နှစ်ခွက်စာထဲသို့ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ပျားရည်က ရေနဲ့အတူတူ ပျော်ဝင်သွားတယ် ဆိုရင် သကြားဓာတ်များတဲ့ ပျားရည်အတုပဲဖြစ်ပါတယ်။ တကယ်လို့ ပျားရည်က ရေထဲ ပျော်ဝင်မသွားဘဲ ဖန်ခွက်အောက်ခြေမှာ အနည်ထိုင် နေတယ်ဆိုရင်တော့ အရည်အသွေးကောင်းတဲ့ ပျားရည်စစ်စစ်ပဲဖြစ်ပါတယ်။

Source: Brightside.me