ကိုယ်ခန္ဓာကျစ်လျစ်ချင်လို့ အားကစားပြုလုပ်သူများအနေနဲ့ ရှောင်ကြဉ်သင့်တဲ့အရာတွေ အများအပြားရှိပါတယ်။

လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ရေဓာတ်ပြည့်ဝဖို့ လိုအပ်သလို လေ့ကျင့်ခန်းများကို ကောင်းမွန်စွာ စွမ်းဆောင်နိုင်ဖို့ရန်အတွက် လုံလောက်တဲ့ အိပ်စက်အနားယူမှုလည်း ရရှိရပါမယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များကိုလည်း နေ့စဉ်ပုံမှန်စားသုံးပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပြီးသွားပါကလည်း အခုဖော်ပြပေးမယ့် အစားအစာတွေကို ချက်ချင်းစားသုံးခြင်းကိုလည်း ရှောင်ကြဉ်ပေးဖို့လိုပါတယ်။

စပ်သောအစားအစာများ

စပ်တဲ့အစားအစာတွေက အစာချေရခက်လေ့ရှိကြပါတယ်။ သင့် ခန္ဓာကိုယ်က စောစောလေးကတင်ပဲ ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ပြီးသွားတာပါ။ အခုမှ အားပြန်ဖြည့်တုန်းပဲ ရှိပါသေးတယ်။ ဒီလိုအချိန်မျိုးမှာ ချေဖျက်ရခက်တဲ့အစားအစာတွေကို လုံးဝ မစားသုံးသင့်ပါဘူး။

ဆိုဒါ အချိုရည်များ

ပင်ပန်းတဲ့ အားကစားတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ကာဖိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အမြှုပ်တစီစီထနေတဲ့ အချိုရည် အေးအေးလေးတွေကို တောင့်တမိနေမှာပါပဲ။ ဒါပေမဲ့ ဆိုဒါအချိုရည်တွေကိုတော့ မသောက်သုံးသင့်ပါဘူး။ သင့်ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးသွားပြီဖြစ်လို့ ရေဓာတ်ပြန်ဖြည့်ပေးရပါမယ်။ ဆိုဒါကတော့ သင့်ကို ရေဓာတ် ပိုမိုဆုံးရှုံးသွားစေမှာပဲဖြစ်ပါတယ်။

အဆီတက်စေမယ့် အစားအစာများ

ဆီများများနဲ့ ကြော်လှော်ထားတဲ့ အစားအစာတွေက သင့်ရဲ့ အစာချေစနစ်ကို နှေးကွေးစေပြီး လိုအပ်တဲ့ အာဟာရဓာတ်များ ကြွက်သားဆီသို့ ရောက်ရှိမှုနှုန်း နှေးကွေးသွားပါလိမ့်မယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်မှ ကြွက်သားများ မြန်မြန်ဆန်ဆန် အားပြန်ပြည့်ဖို့အတွက် အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်လိုက်ပါ။

အသင့်စား အစားအစာများ

Gym ဆော့ပြီးလို့ အိမ်ပြန်တဲ့အခါ အားကစားပြုလုပ်လို့ ပင်ပန်းတာက တစ်မျိုး၊ နာမည်ကြီးတဲ့ အသင့်စား စားသောက်ဆိုင်တွေက အနံ့မျိုးစုံနဲ့ ဆွဲဆောင်နေတာက တစ်မျိုး။ ဒီလိုမျိုး မစား စားချင်လာအောင် တွန်းပို့နေတဲ့ အခြေအနေတွေ အားလုံးကိုလည်း ကျော်လွှားတတ်ရပါမယ်။ ဒါမှ ကိုယ် ဆော့ကစားခဲ့တဲ့ လေ့ကျင့်ခန်းတွေက အလဟဿမဖြစ်မှာပါ။

မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်အစိမ်းများ

ဟင်းသီးဟင်းရွက်တွေကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေပါပဲ။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းတော့ မစားသင့်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ ကုန်ဆုံးသွားတဲ့ အင်အားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့အတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ ကာဘိုဟိုက်ဒြိုက်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးသင့်ပါတယ်။ ဒါပေမဲ့ ဗိုက်ပြည့်လွယ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးမယ်ဆိုရင်တော့ လိုအပ်တဲ့အာဟာရဓာတ်တွေကို စားသုံးချင်စိတ်ရှိမှာမဟုတ်တော့ပါဘူး။

သကြားဓာတ်လွန်ကဲသော အချိုရည်များ၊ မုန့်ပဲသရေစာများ

သကြားဓာတ် လွန်ကဲတဲ့ အစားအစာတွေကလည်း အစာချေစနစ်ကို နှေးကွေးစေတဲ့အပြင် အားကစားပြုလုပ်ပြီးလို့ လောင်ကျွမ်းသွားတဲ့ အဆီတွေကိုလည်း ပြန်တက်လာစေမှာပဲဖြစ်ပါတယ်။ ဝိတ်ပြန်မတက်ချင်ဘူးဆိုရင်တော့ ထိုအစားအစာများကို ရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။

Source: eatthis.com