အသက် (၃၀) ကျော်လာတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က နှေးကွေးသွားပါပြီ။ အရိုးပွရောဂါက အသက် ၅၀၊ ၆၀ ကျော်မှ ခံစားရလေ့ရှိတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အရိုးအားနည်းခြင်းက အသက် ၃၀ မှာ စတင်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အစားအသောက် ရွေးချယ်ခြင်းကလည်း သင့်ရဲ့ နေ့စဉ်ဘဝအတွက် အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါပြီ။ ဒါ့ကြောင့် အသက် (၃၀) ကျော်တာနဲ့ မှန်ကန်တဲ့အစားအသောက်ကို ရွေးချယ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် အစားအစာတွေကို ရှောင်ကြဉ်လိုက်ရအောင်။

သကြား

သကြားအစားများခြင်းက သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ စုပုံစေမှာပဲဖြစ်ပါတယ်။ ထိုကယ်လိုရီတွေကို လောင်ကျွမ်းနိုင်ဖို့အတွက် သင့်ခန္ဓာကိုယ်က အရင်လို စွမ်းဆောင်ပေးနိုင်တော့မှာမဟုတ်တော့ပါဘူး။ ဒီလိုကနေ သင့်ရဲ့ တင်ပါးနဲ့ ဝမ်းဗိုက်တွေမှာ ကယ်လိုရီစုပုံလာပြီး အဆီတက်လာပါလိမ့်မယ်။ ဒါ့အပြင် သကြားက သင့်ကို ပါးရေတွန့်စေခြင်းနှင့် အရေးအကြောင်းတွေလည်း ဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။

ချိုရဲနေသော သရေစာမုန့်များ

ချိုရဲနေတဲ့ သရေစာမုန့်တွေက ကင်ဆာရောဂါနဲ့ ဆက်စပ်နေတာပါ။ ဒီလိုချိုရဲနေတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင်တော့ အင်ဆူလင်ပမာဏ အားနည်းလာပြီး ဂလူးကို့စ်ဓာတ်လည်း မြင့်မားလာပါလိမ့်မယ်။ ဒီလိုကနေ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့ ခံစားရနိုင်ပါတယ်။

ယမကာဖျော်ရည်များ

ယမကာဖျော်ရည်တွေက ကယ်လိုရီဓာတ်တွေနဲ့ ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ သင့်ရဲ့ အသက် (၃၀) ခန္ဓာကိုယ်က အရင်လို ကယ်လိုရီ အများအပြား လောင်ကျွမ်းနိုင်တော့မှာ မဟုတ်တဲ့အတွက်ကြောင့် ယမကာတွေ မသောက်သုံးသင့်တော့ပါဘူး။ ဒါ့အပြင် ယမကာသောက်သုံးခြင်းက ညဘက် အိပ်စက်ချိန်မှာ အိပ်စက်ဖို့ ခက်ခဲစေမှာပဲဖြစ်ပါတယ်။

ကာဖိန်းဓာတ်ပါဝင်သော ဖျော်ရည်များ၊ အစားအစာများ

ကာဖိန်းဓာတ် များပြားစွာ မှီဝဲခြင်းက သင့်ကို ရုပ်ရင့်မြန်စေတယ်ဆိုတာကို သင် သိပြီးပါပြီလား။ ယမကာဖျော်ရည်လိုပဲ ကာဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေက သင့်ကို ခဏခဏ ဗိုက်ဆာစေမှာဖြစ်ပြီး မကြာခဏ အစား စားခြင်းကြောင့် ဝိတ်တက်စေမှာပဲဖြစ်ပါတယ်။

ကြာရှည်ခံအောင် ပြုလုပ်ထားသော အသားများ

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားများ၊ ဝက်ပေါင်ခြောက်များ စတဲ့ အစားအစာတွေကို မစားသုံးသင့်တော့ပါဘူး။ ထိုအစားအစာတွေထက် လတ်လတ်ဆတ်ဆတ်အစားအစာများကိုသာ စားသုံးပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ နှလုံးက သင့်ကို ကျေးဇူးအထူးတင်နေမှာဖြစ်ပြီး ခါးမှာလည်း အဆီပိုတွေ စုနေမှာမဟုတ်တော့ပါဘူး။

ဟင်းခတ်အမွှေးအကြိုင်များ

ပဲငံပြာရည်၊ ခရမ်းချဉ်သီးဆော့စ်နှင့် အချဉ်ဆော့စ်များ စတဲ့ ဟင်းခတ်အမွှေးအကြိုင်ထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက သင့်ရဲ့နှလုံးကျန်းမာရေး အတွက်ရော၊ သိုင်းရွိုက်ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဒါ့ကြောင့် ဒီအစားအစာတွေကိုလည်း အသက် (၃၀) ကျော်တာနဲ့ ရှောင်ကြဉ်သင့်ပါပြီ။

Source: nutritionexp.com