အစားအစာများကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျအသုံးချတတ်မယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အစားအစာတွေချည်းပဲဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားလေးအတိုင်း ရောဂါဝေဒနာခံစားရမှ ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာအကောင်းဆ့ုးပဲဖြစ်ပါတယ်။

ကင်ဆာရောဂါကို လုံးဝ မခံစားရအောင် ကာကွယ်ပေးတဲ့ အစားအစာတစ်မျိုးဆိုပြီး တိကျတဲ့သက်သေအထောက်အထားတစ်ခုနဲ့ ဖော်ပြထားနိုင်ခြင်း မရှိပေမယ့် ရာချီတဲ့လေ့လာတွေ့ရှိချက်အရ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ Flavonoids လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး မြင့်မားစွာ ပါဝင်တဲ့ အစားအစာများက ပျက်စီးနေတဲ့ဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး ကင်ဆာဆဲလ်များ၊ အဖုအကြိတ်များကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ ထိုအစားအစာတွေက ဘယ်လိုအစားအစာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

၁။ သင်္ဘောသီး

သင်္ဘောသီးထဲမှာ ပါဝင်တဲ့ Flavonoids က ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် သူ့ရဲ့ Carotenes ဓာတ်က အဆုတ်ကင်ဆာမှ ကာကွယ်ပေးပါတယ်။ အခြားသော ကောင်းကျိုးတွေကတော့ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ အသားအရေ စိုပြေဝင်းပစေခြင်းနဲ့ အစာချေစနစ်ကို ကောင်းမွန်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

၂။ ဟင်းနုနွယ်

သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ဟင်းနုနွယ်ထဲမှာ ကင်ဆာရောဂါနဲ့ ခန္ဓာကိုယ် ရောင်ရမ်းခြင်းကို ကာကွယ်ပေးတဲ့ Flavonoids ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အခြားသော ကျန်းမာရေး ကောင်းကျိုးတွေကတော့ အရိုးများ သန်မာစေခြင်း၊ ဗီတာမင်ဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း၊ Omega-3 Fatty အက်စစ်က ဦးဆောင်စွမ်းဆောင်ရည် မြှင့်မားစေခြင်းနဲ့ အမြင်အာရုံကောင်းမွန်စေခြင်းတို့ပဲဖြစ်ပါတယ်။

၃။ ရေညှိ

အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့ ရေညှိရဲ့ ဂုဏ်သတ္တိက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းနံရံကို ကာကွယ်ပေးထားရတဲ့ အကျိအချွဲများကိုလည်း အားကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။ သွေးပေါင်တက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် ဟော်မုန်းများကိုလည်း ညီညွှတ်မျှတအောင် ထိန်းညှိပေးထားနိုင်ပါတယ်။

၄။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Lycopene ဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်ပြီး ထိုဓာတ်က ကင်ဆာဆဲလ်တွေအပါအဝင် အခြားရောဂါဘယများကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အခြားကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ကတော့ ဦးနှောက်နဲ့ နာ့ဗ်ကြောများကို ကောင်းစွာ အလုပ်လုပ်နိုင်အောင် ကူညီပေးခြင်း၊ မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးခြင်းနဲ့ အိပ်စက်ခြင်းကို ကောင်းမွန်စေပြီး မှတ်ဉာဏ်တိုးစေတဲ့ အကျိုးကျေးဇူးတို့ ပေးစွမ်းနိုင်ပါတယ်။

၅။ ပန်းဂေါ်ဖီစိမ်း

အစိမ်းရောင်ရှိတဲ့ အခြားသော ဟင်းသီးဟင်းရွက်တွေလိုပဲ ပန်းဂေါ်ဖီစိမ်းမှာလည်း ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် ဒြပ်ပေါင်းများကို ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ ပန်းဂေါ်ဖီစိမ်းထဲမှာ Sulforaphane ဓာတ်က အခြားဟင်းရွက်များထက် ပိုများပါတယ်။ ထိုဓာတ်က ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ်မှန်မှန်စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေတာကြောင့် ခဏခဏ အမေ့သန်တဲ့သူတွေအတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

၆။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို တစ်နေ့ကို ပမာဏဘယ်လောက် စားသုံးသင့်လဲဆိုတဲ့ တိကျတဲ့အဖြေမရှိပေမယ့် ကြက်သွန်ဖြူက ကင်ဆာရောဂါများကို ကာကွယ်ပေးတဲ့ အစွမ်းသတ္တိရှိတယ်လို့ အမျိုးသား ကင်ဆာတက္ကသိုလ်ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ဒီကောင်းကျိုးတစ်ခုတည်းတင်မကပါဘူး။ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း၊ အအေးမိ ဖျားနာခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေ ကြမ်းတမ်းပြီး အဖုအပိမ့်ထွက်ခြင်း၊ ဝက်ခြံထွက်ခြင်းတို့မှ ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ အပြည့်အဝပါဝင်ပါတယ်။

Source: guidedoc.com