ကျန်းမာရေးကို ဂရုစိုက်တဲ့သူတွေအဖို့ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ စားသောက်ကုန်များကို စနစ်တကျဆေးကြောဖို့လိုအပ်ပါတယ်။ အစားအသောက်တွေ ဆေးကြောဖို့ဆိုတာလည်း ရေပိုက်ခေါင်းလေး လှည့်လိုက်တာနဲ့ ဆေးကြောလို့ ရတာကြောင့် ဘယ်လောက်မှ ခက်ခဲတာ မဟုတ်လို့ ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက် မဖြစ်မနေပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။

ဒါပေမဲ့ တစ်ခါတရံမှာ မသိလိုက်မသိဘာသာနဲ့ အမှားတစ်ချို့ ပြုလုပ်မိကြပါတယ်။ ဘယ်လိုအမှားတွေ ဖြစ်မလဲဆိုတာ အတူတူ ဆက်ဖတ်ကြည့်လိုက်ရအောင်။

အအေးခံထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရေခဲသေတ္တာထဲထည့်ပြီး အအေးမခံခင်မှာ အများစုကတော့ ရေအရင် ဆေးကြပါတယ်။ အဲ့ဒါကြောင့် ရေခဲသေတ္တာထဲကထုတ်ပြီး ကြော်လှော်ဖို့ ပြင်ဆင်ကြတော့ ဟင်းရွက်တွေကို မဆေးတော့ပါဘူး။ မီးအပူ ပြင်းပြင်းနဲ့ ကြော်လှော်ချက်ပြုတ်ရင်တော့ ပြဿနာမရှိပေမယ့် အစိမ်းစားမယ်၊ တို့စားမယ်ဆိုရင်တော့ ဘက်တီးရီးယားနဲ့ အညစ်အကြေးများ ကပ်ညှိနေတာကြောင့် ရေတစ်ထပ် ပြန်ဆေးသင့် ပါတယ်။

စူပါမားကတ်က နွားနို့ဗူးများ

စူပါမားကတ်က နွားနို့ဗူးတွေ၊ ဒိန်ချဉ်ဗူးတွေ ဝယ်ပြီးတဲ့အခါမှာလည်း အိမ်ပြန်ရောက်လို့ ဗူးအဖုံးမဖွင့်ခင်မှာ ရေနဲ့ ဆေးကြောပေးပါ။ ထောင်ပေါင်းများစွာသော ဈေးဝယ်သူတွေက အဲ့ဒီပုလင်းတွေကို ကိုင်တွယ် ထိတွေ့မယ်၊ အညွှန်းဖတ်မယ် စသဖြင့် ပြုလုပ်တတ်ကြပါတယ်။ နွားနို့ဗူးအဖုံးဖွင့်လိုက်တာနဲ့ ဘက်တီးရီးယားတွေက ဗူးထဲကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။

ငါး

အပူချိန်ပြင်းပြင်းနဲ့ ကြော်လှော်ချက်ပြုတ်တဲ့အခါ ဘက်တီးရီးယားတွေက သေသွားတာကြောင့် ငါးအစိမ်းကို ဆေးစရာမလိုပါဘူး။ တကယ်လို့ ဘေစင်ထဲမှာ ငါးအစိမ်းတွေကို ရေနဲ့ ဆေးကြောတဲ့အခါ ဘက်တီးရီးယားတွေက သင့်မီးဖိုချောင်ထဲမှာ ပျံ့နှံ့သွားတတ်လို့ပါပဲ။

ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ

ဂေါ်ဖီထုပ်အနီပဲဖြစ်ဖြစ်၊ အဖြူပဲဖြစ်ဖြစ် ဆေးကြောခါနီးဆိုရင် အပေါ်ယံအလွှာ ၂ လွှာကို အရင်ခွာလိုက်ပါ။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေက အပေါ်ယံလွှာမှာ ကပ်ငြိနေကြလို့ပါပဲ။ ပိုးကောင်နဲ့ ဘက်တီးရီးယားများကို ဖယ်ရှားဖို့အတွက် ရေထည့်ထားတဲ့ ဇလုံထဲကို ရှာလကာရည်ထည့်ပြီး ဂေါ်ဖီထုပ်ကို မိနစ် အနည်းငယ်ခန့် စိမ်ထားလိုက်ပါ။ ပန်းဂေါ်ဖီဆိုလည်း ပန်းပွင့်လေးတွေကို လှီးဖြတ်ပြီးတဲ့အခါ ရေသချာဆေးဖို့လိုအပ်ပါတယ်။

ဆိုဒါဗူး၊ ကိုကာကိုလာဗူးနဲ့ အလားတူသံဗူးများ

ကိုကာကိုလာဗူးတွေကို ရေမဆေးဘဲနဲ့ (သို့) တစ်သျှူးလေးနဲ့ အပေါ်ပိုင်းကို မသုတ်ဘဲ မသောက်သင့်ပါဘူး။ အဲ့ဒီဗူးတွေကို ကုန်ကားနဲ့ တစ်နေရာက နောက်တစ်နေရာပို့တဲ့အခါ၊ သိုလှောင်ထားတဲ့အခါမှာလည်း မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ ကပ်ငြိနေပါတယ်။ သံဗူးထဲက အအေးကို ဖန်ခွက်ထဲ ပြန်ပြောင်းထည့်ပြီး သောက်တာကတော့ အကောင်းဆုံးပါပဲ။

ဆလပ်ရွက်

များသောအားဖြင့် ဆလပ်ရွက်တွေကို အစိမ်းစားကြတာပါ။ အကြော်နဲ့ တွဲဖက်စားကြတယ်၊ ကိုရီးယားစာတွေ စားတဲ့အခါ အသားကင်နဲ့ တွဲဖက်စားကြပါတယ်။ ဒါ့ကြောင့် ဆလပ်ရွက်ကို တစ်ရွက်ချင်းစီသေချာခွာပြီးတဲ့အခါ ရေအေးအေးထဲမှာ မိနစ်အနည်းငယ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ဆန်ခါထဲထည့်ပြီး ရေစစ်လိုက်ပါ။ ခြောက်သွားရင်တော့ သုံးဆောင်လို့ရပါပြီ။

ပန်းသီး

ပန်းသီးမစားခင်မှာ ရေထဲမှာ ၁၂ မိနစ် ခန့် (သို့) မုန့်ဖုတ်ဆိုဒါရောထားတဲ့ ရေထဲမှာ ၁၂ မိနစ် ခန့် စိမ်ထားမယ်ဆိုရင် ပန်းသီးထဲမှာရှိတဲ့ ဓာတုဓာတ်တွေက ပျက်ပြယ်သွားပါလိမ့်မယ်။

Source: Brightside.me