ဓားထက်ထက် တစ်လက်က မီးဖိုချောင်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ မီးဖိုချောင်က ဓားတွေကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျအသုံးပြုမယ်ဆိုရင်တော့ ဆယ်စုနှစ်တစ်ခုစာလောက် အသုံးပြုနိုင်ပါတယ်။

ဒါပေမဲ့ အခုဖော်ပြပေးမယ့်အရာတွေကို ကျူးလွန်မိမယ်ဆိုရင်တော့ သင့်ရဲ့ဓားက အချိန်တိုအတွင်းမှာပဲ တုံးသွားပြီး လွှင့်ပစ်ရပါလိမ့်မယ်။

ကတ်ထူအဖုံးများ ဖွင့်ရာမှာ အသုံးပြုခြင်း

ကတ်ထူပုံးများ၊ စက္ကူပုံးများ ဖွင့်ရာမှာ မီးဖိုချောင်သုံးဓားတွေနဲ့ လုံးဝမဖွင့်မိပါစေနဲ့။ ဒီလိုဖွင့်မိမယ်ဆိုရင်တော့ သင့်ရဲ့ဓားက တုံးသွားပြီး အစားအစာများ လှီးဖြတ်ရတာ ခက်သွားပါလိမ့်မယ်။

ပန်းကန်ဆေး ဘေစင်တွင် ဓားများကို ရေဆွတ်ရုံမျှသာ ဆေးကြောခြင်း

သင် အသုံးပြုနေတဲ့ဓားကို စင်အောင်လည်း ဆေးကြောချင်တယ် ဓားကိုလည်း မတုံးအောင် ကြာရှည်ခံအောင် အသုံးပြုချင်တယ်ဆိုရင်တော့ ဆပ်ပြာရေနွေးနွေးလေးနဲ့ ပွတ်တိုက် ဆေးကြောပေးရပါမယ်။

မီးဖိုချောင်သုံး အံဆွဲထဲတွင် ထည့်သိမ်းထားခြင်း

အံဆွဲတစ်ခုတည်းမှာ ဓားများကို အကုန်လုံးစုပုံထည့်ခြင်းက သင့်ရဲ့ဓားများကို တုံးစေတာကြောင့် သံလိုက်ဖြင့်ပြုလုပ်ထားတဲ့ နေရာ (သို့) သစ်သားခွက်ထဲ ထည့်ထားလိုက်ပါ။ ဘေးအန္တရာယ်လည်း ကင်းရှင်းပြီး အသုံးပြုရလည်း လွယ်ကူပါတယ်။

တွဲပြီး အသုံးပြုရမယ့် စဉ်းနီတုံးများနဲ့ အသုံးမပြုသင့်သော စဉ်းနီတုံးများ

စဉ်းနီတုံးအမျိုးအစား အမျိုးမျိုးရှိသည့်အနက် သစ်သားစဉ်းနီတုံး (သို့) ပလပ်စတစ်စဉ်းနီတုံးများပေါ်တွင်သာ လှီးဖြတ်ခြင်းပြုလုပ်ရပါမယ်။ ဒါမှ သင့်ရဲ့ဓားက အပျက်အစီးမရှိမှာပါ။

ကျောက်ဖြင့် ပြုလုပ်ထားသော စဉ်းနီတုံး၊ ဖန်ဖြင့် ပြုလုပ်ထားသော စဉ်းနီတုံး (သို့) ဝါးဖြင့် ပြုလုပ်ထားသော စဉ်းနီတုံးများကတော့ သင့်ရဲ့ဓားကို ပွန်းပဲ့ ပဲ့ထွက်သွားစေနိုင်တာကြောင့် လုံးဝအသုံးမပြုသင့်ပါဘူး။

ဓားကို ဇွန်းအဖြစ် အသုံးပြုခြင်း

အစားအစာများကို ပါးပါးလှီးဖြတ်ပြီးတဲ့နောက်မှာ လှီးဖြတ်ထားသော ဓားသွားဖြင့် အစားအစာများကို ပန်းကန်ထဲသို့ ထည့်သွင်းခြင်းကို ရှောင်ကြဉ်ရပါမယ်။

ဓားဖြင့် လှီးဖြတ်ပြီးတဲ့အခါ ဓားသွားကို ပြောင်းပြန်လှန်ပြီးမှ ခပ်ထည့်ရပါမယ်။

ဓားကို ထက်အောင် မသွေးခြင်း

မီးဖိုချောင်သုံးပစ္စည်းများကို ကြာရှည်ခံစွာ အသုံးပြုချင်တယ်ဆိုရင်တော့ စနစ်တကျထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဓားတွေကိုလည်း ထက်နေအောင်လို့ မကြာခဏ သွေးပေးရပါမယ်။

ဓားများကို သူ့အမျိုးအစားနဲ့သူ ခွဲမထားဘဲ ရောပြွမ်းအသုံးပြုခြင်း

ဓားတွေကို မဝယ်ခင်မှာ မိမိဝယ်မယ့်ဓားက ဘယ်လိုအစားအစာအတွက် အသုံးပြုသလဲဆိုတာကို အရင်ဦးဆုံးလေ့လာထားသင့်ပါတယ်။ အစားအစာမျိုးစုံလှီးဖြတ်ရာမှာ ဓားတစ်ခုတည်းကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပေးမှသာလျှင် သင့်ရဲ့ဓားက ကြာရှည်စွာအသုံးခံနေမှာပါ။

Source: Onegoodthingbyjillee.com