သက်တမ်းကုန်ဆုံးသွားတဲ့ အစားအစာတွေကို စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်ကြောင့် မိမိစားသုံးမယ့် အစားအစာက လတ်ဆတ်သန့်ရှင်းနေဖို့ လိုပါတယ်။ အချို့အစားအစာတွေကတော့ ရက်အနည်းငယ်ကြာတာနဲ့ ဒိတ်လွန်သွားတာမျိုးရှိသလို အချို့အစားအစာတွေကတော့ အချိန်အတော်ကြာသည်အထိ ကြာရှည်ခံပါတယ်။

အခုဖော်ပြပေးမှာကတော့ ဘယ်တော့မှ ဒိတ်လွန်သွားခြင်းမရှိတဲ့ အစားအစာလေးတွေပဲဖြစ်ပါတယ်။

ဆန်

ဆန်ကို သိုလှောင်ထားဖို့အတွက် အသင့်တော်ဆုံးအပူချိန်ကတော့ ၄.၅ ဒီဂရီစင်တီဂရိတ်ပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ ဆန်ကို နှစ်ပေါင်း ၃၀ အထိ မပုပ်မသိုးဘဲ သိုလှောင်ထားနိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

နို့မှုန့်

Source: newworldimpex.com

ကျန်းမာရေးနဲ့ အညီ ထုတ်လုပ်ထားတဲ့ နို့မှုန့်ကို အာဟာရဓာတ်များ ပျက်ပြယ်သွားခြင်းမရှိဘဲ အချိန်အတော်ကြာ အထားခံတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ လေလုံတဲ့ ထည့်စရာဘူးထဲမှာ ထည့်သိမ်းထားဖို့တော့ လိုပါတယ်။

ပဲငံပြာရည်

ပဲငံပြာရည်ကိုတော့ ၃ နှစ်ကြာသည်အထိ အထားခံပါတယ်။ ပုလင်းအဖုံးကို ဖွင့်ပြီးတာတောင်မှ တော်တော်အထားခံပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ပဲငံပြာရည်က အရည်အသွေးကောင်းမွန်ဖို့တော့ လိုပါတယ်။

အခြောက်ခံထားသော ဗိုလ်စားပဲ

Brigham Young တက္ကသိုလ်မှ သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ဗိုလ်စားပဲ အခြောက်တွေက နှစ်ပေါင်း ၃၀ ကြာသည်အထိ အထားခံတဲ့ အစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါတယ်။

ဆား

အိုင်အိုဒင်းဆားတွေကိုတော့ တစ်နှစ်တိတိကြာသည်အထိ အသုံးပြုနိုင်ပါတယ်။ ထိုအချိန်အတောအတွင်းမှာတော့ ဆားထဲက အိုင်အိုဒင်းဓာတ်က အငွေ့ပျံသွားပြီး ဆားရဲ့ အသုံးဝင်တဲ့အာဟာရဓာတ်များ ဆုံးရှုံးသွားနိုင်ပေမယ့် အိမ်သုံးဆားအဖြစ်တော့ အသုံးပြုနိုင်ပါသေးတယ်။

ရှာလကာရည်

ရှာလကာရည်မှာတော့ သက်တမ်းကုန်ဆုံးရက် လုံးဝမရှိပါဘူး။ ရှာလကာရည်ကို အချိန်ပို ကြာကြာ သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ လေလုံတဲ့ဘူးထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင် ထိုဘူးကို အေးပြီး မှောင်တဲ့နေရာမှာ သိမ်းဆည်းထားရပါမယ်။

သကြား

သကြားက ဆားလိုမျိုးပဲ လေလုံဘူးထဲမှာ သေချာသိမ်းထားမယ်ဆိုရင် အထားခံတဲ့ အစားအစာတစ်ခါပဲဖြစ်ပါတယ်။ သကြားက လေထဲမှ ရေငွေ့များကို စုပ်ယူပြီးနောက် အတုံးအခဲအကြီးများအဖြစ် ကူးပြောင်းသွားပေမယ့် သူ့ရဲ့အရသာနဲ့ အရည်အသွေးကတော့ လျော့ကျသွားမှာမဟုတ်ပါဘူး။

ပျားရည်

ရှေးဟောင်းသုတေသနပညာရှင်များက အီဂျစ်လူမျိုးများရဲ့ ပိရမစ်များကို တူးဖော်ကြတဲ့အခါ ပျားရည်ပုလင်းအချို့ကိုပါ တူးဖော်ရရှိခဲ့ပါတယ်။ ထိုပျားရည်ပုလင်းများ နှစ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ ဝန်းကျင်ခန့်အထိ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ထိုကဲ့သို့ ကာလကြာမြင့်တာတောင်မှ စားသုံးနိုင်သေးတဲ့ ပျားရည်ပဲဖြစ်ပါတယ်။

ထိုတူးဖော်မှုအပြီး နှစ်အနည်းငယ်ကြာတဲ့အခါ နှစ်ပေါင်း ၅၅၀၀ သက်တမ်းရှိတဲ့ ပျားရည်ကို ဂျော်ဂျီယာနိုင်ငံမှာ ထပ်မံတွေ့ရှိခဲ့ကြပါသေးတယ်။

Source: Brightside.me