အာဟာရပြည့်ဝပြီး အရသာရှိတဲ့အစားအစာတွေထဲမှာ ထောပတ်သီးလည်း ပါဝင်ပါတယ်။ ထောပတ်သီးမှာ သဘာဝအဆီဓာတ်ပါဝင်မှု မြင့်မားပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ထောပတ်သီးစားပြီးတဲ့အခါ မြန်မြန်ဗိုက်ပြည့်စေတဲ့အတွက်ကြောင့် ကိုယ်အလေးချိန် ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ထောပတ်သီးကို နည်းလမ်းတစ်မျိုးတည်းနဲ့တင် မဟုတ်ဘဲ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့လည်း ပလုပ်စားလို့ရပါသေးတယ်။

ပေါင်မုန့် ဖုတ်တဲ့အခါ ဆီ အစားထိုးအသုံးပြုနိုင်ခြင်း

ထောပတ် (သို့) ဆီ အသုံးပြုမယ့်အစား ထောပတ်သီးအသုံးပြုနိုင်ပါတယ်။ ထောပတ်သီးကို ချေပြီးနောက် ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းအစား ထောပတ်သီး စားပွဲတင်ဇွန်း တစ်ဇွန်း အစားထိုးအသုံးပြုနိုင်ပါတယ်။

အသုပ် သုပ်စားတဲ့အခါ

ဟင်းသီးဟင်းရွက်သုပ် သုပ်စားတဲ့အခါ ထောပတ်သီးအနည်းငယ် ထည့်စားမယ်ဆိုရင် ဆွေမျိုးမေ့သွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိုအသုပ်ထဲမှာ သံပုရာရည် (သို့) ရှာလကာရည် စတဲ့ အချဉ်ဓာတ်တစ်မျိုးမျိုး ထည့်ပေးမယ်ဆိုရင် ပိုပြီး အရသာရှိမှာပဲဖြစ်ပါတယ်။

ပူတင်းလုပ်စားတဲ့အခါ ခရင်မ်အစားထိုး အသုံးပြုနိုင်ခြင်း

ပူတင်းလုပ်စားပါမယ်ဆိုမှ ခရင်မ်ကုန်သွားလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ထောပတ်သီးအစားထိုးအသုံးပြုနိုင်ပါတယ်။ အရသာကတော့ ခရင်မ်ထည့်သုံးထားတဲ့ ပူတင်းအရသာလေးနဲ့ ထပ်တူကျမှာပဲဖြစ်ပါတယ်။

ထည့်စရာခွက်ကလေးအဖြစ် အသုံးပြုနိုင်ခြင်း

နာမည်ကြီးတဲ့စားသောက်ဆိုင်တွေမှာ စားဖိုမှူးတွေ ချက်ပြုတ်ပြင်ဆင်တဲ့အခါ အရသာရှိဖို့အပြင် လှလှပပလေးလည်း ပြင်ဆင်တတ်ကြပါတယ်။ ဟင်းလျာကို ထိုကဲ့သို့ လှလှပပပြင်ဆင်တတ်ဖို့အတွက် ထောပတ်သီးကို အသုံးပြုနိုင်ပါတယ်။

ထောပတ်သီး ထမင်းလိပ်အဖြစ် စားသုံးနိုင်ခြင်း

သင့်အိမ်က ကလေးငယ်လေးတွေ အာဟာရမရှိတဲ့ သရေစာမုန့်တွေ စားနေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ထောပတ်သီး ထမင်းလိပ်လေး လုပ်စားကြည့်လိုက်ပါ။ ထောပတ်သီးကို ထမင်းလိပ် တစ်လိပ်လုံးစာအတွက် အသုံးပြုမယ့်အစား ပုံထဲက ပြထားသလို ထမင်းလိပ်တစ်ဝက်ပဲ ပြုလုပ်ပေးလိုက်ပါ။

Smootie ဖျော်ရည်အဖြစ် သောက်သုံးနိုင်ခြင်း

ဒီနည်းလမ်းကတော့ လူတော်တော်များများ လုပ်စားတဲ့အနည်းပဲဖြစ်ပါတယ်။ ထောပတ်သီး Smoothie သောက်သုံးခြင်းအားဖြင့် အစာအိမ်အတွက်လည်း အထူးကောင်းမွန်သလို ခန္ဓာကိုယ်အချိုးအစားထိန်းညှိချင်သူတွေအတွက်လည်း အကောင်းဆုံးဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။

ယိုအဖြစ် စားသုံးနိုင်ခြင်း

ပေါင်မုန့်ထောပတ်သုတ်၊ ဒါမှမဟုတ် စတော်ဘယ်ရီယို စတဲ့ ယိုတစ်ခုခုနဲ့ သုတ်စားမယ့်အစား ထောပတ်သီးယိုသုတ်လေး သုတ်စားပေးမယ်ဆိုရင် အရသာသစ်တစ်မျိုး ရရှိမှာပဲဖြစ်ပါတယ်။

ထောပတ်သီးချောင်းကြော် လုပ်စားနိုင်ခြင်း

အာလူးချောင်းကြော် လုပ်စားရတာ ငြီးငွေ့နေပြီလား။ ဒါဆိုရင်တော့ အားလပ်ရက်လေးမှာ ထောပတ်သီးချောင်းကြော်လေး ကြော်စားကြည့်လိုက်ပါ။ ထူးခြားတဲ့အရသာလေးကို မြည်းစမ်းကြည့်ခွင့်ရမှာပဲဖြစ်ပါတယ်။

Source: hhdresearch.org