အိပ်နေစဉ်အတောအတွင်း ဟောက်တတ်တဲ့အကျင့်က အကျင့်ဆိုးတစ်ခုမဟုတ်ပေမယ့် မိမိအနီးပတ်ဝန်းကျင်က အိပ်စက်သူတွေကိုတော့ အနှောင့်အယှက်ဖြစ်စေတာအမှန်ပါပဲ။ ထိုကဲ့သို့ ဟောက်ရခြင်းအကြောင်းအရင်းကတော့ မိမိအိပ်နေစဉ်မှာ လည်ချောင်းနှင့် နှာခေါင်းလမ်းကြောင်း တစ်လျှောက်မှာ လေ ပြတ်လပ်သွားခြင်းကြောင့်ပဲဖြစ်ပါတယ်။

လေဝင်ရောက်မှု မရှိတော့သောကြောင့် နှာခေါင်းနှင့် လည်ချောင်းတစ်ဝိုက်ရှိ တစ်သျှူးများကို တုန်ခါစေတဲ့အတွက်ကြောင့် ကျယ်လောင်တဲ့ ဟောက်သံ ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။ ထိုကျယ်လောင်တဲ့ဟောက်သံကို ဖြေဖျောက်ချင်သူများအတွက် အစွမ်းထက် ဆေးစွမ်းကောင်း တစ်လက်ရှိပါတယ်။ ထိုဆေးစွမ်းကောင်းကတော့ မုန်လာဥ ပန်းသီးဖျော်ရည်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၂ လုံး
  • ပန်းသီး ၂ လုံး
  • သံပုယိုသီး ၄ စိတ် ၁ စိတ်
  • ဂျင်းတုံး ၁ တုံး
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်လာဥနီ ၂ လုံးကို အခွံခြစ်ထားပြီးနောက် အတုံးသေးသေးလေးများ တုံးထားလိုက်ပါ။

၂။ ပန်းသီး ၂ လုံးကိုလည်း အတုံးသေးသေးလေး တုံးထားလိုက်ပါ။ သံပုယိုသီးကိုတော့ အရည်ညှစ်ထားရပါမယ်။ ဂျင်းတုံးကိုတော့ အခွံခြစ်ထားပြီး ခပ်ပါးပါးလှီးထားပါ။

၃။ မုန်လာဥနီ၊ ပန်းသီး၊ သံပုယိုရည်၊ ဂျင်းနှင့် လိမ္မော်ရည်တို့ကို သစ်သီးဖျော်စက်ထဲထည့်ပြီး သမအောင် ဖျော်ပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် အိပ်ရာမဝင်ခင် ၂ နာရီခန့်အလိုမှာ ကြိုတင်သောက်သုံးထားနိုင်ပါတယ်။

ထိုကဲ့သို့ သောက်သုံးခြင်းဖြင့် ဟောက်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်နိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီများများ စားသုံးပေးခြင်းအားဖြင့်လည်း အိပ်နေစဉ် ဟောက်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဗီတာမင်စီက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ အသက်ရှူလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့ လိမ္မော်သီးကို ဖန်ခွက်တစ်ခွက်စာခန့် လတ်လတ်ဆတ်ဆတ် ညှစ်ထားပြီး အိပ်ယာမဝင်ခင် တစ်နာရီခန့်အလိုမှာ ကြိုတင်သောက်သုံးပေးလိုက်ပါ။ ဒါမှမဟုတ် နာနတ်သီးစိတ်အနည်းငယ်ကိုလည်း အိပ်ယာမဝင်ခင် စားသုံးခြင်းအားဖြင့် ဟောက်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်နိုင်ပါတယ်။

Source: Brightside.me