ကြက်ဥက အာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အပြင် အရသာလည်းရှိပါတယ်။ ကြက်ဥပြုတ်ကလည်း လွယ်ကူစွာ ချက်ပြုတ်နိုင်သလို အချိန်လည်း မပေးရပါဘူး။

ဒါပေမယ့် ကြက်ဥပြုတ်ရဲ့ ခက်တဲ့အချိန်က အခွံပြန်ခွာရတဲ့အချိန်ပါပဲ။ အခွံသေချာမခွာတတ်ရင် ကြက်ဥက ပုံပျက်ပန်းပျက်နဲ့ စားမကောင်းတော့ပါဘူး။

ဒါ့ကြောင့် ကြက်ဥအခွံအလွယ်တကူ ခွာလို့ရတဲ့ ကြက်ဥပြုတ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါသုံးနည်း

ရေ ၁ လီတာကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ

အဆင့် (၁) ကြက်ဥကို အယ်ကာလိုင်းများတဲ့ရေထဲမှာ ထည့်ပြုတ်ခြင်း

အရင်ဆုံး အိုးထဲကိုရေထည့်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ ကိုထည့်ပါ။ ရေ၁ လီတာတိုင်း မုန့်ဖုတ်ဆိုဒါ ၁ ဇွန်းကိုထည့်ပါ။

ရေဆူလာရင် ကြက်ဥတွေကိုထည့်ပါ။ ကြက်ဥတွေကို စုပြုံမထည့်ပါနဲ့။

ခါတိုင်းလိုပဲ ကြက်ဥ အကျက်ပြုတ်ပါ။

အဆင့် (၂) ကြက်ဥပြုတ်ပြီးရင် ရေခဲရေထဲထည့်ပါ။

ကြက်ဥပြုတ်ပြီးရင် ရေခဲရေထဲကို ချက်ချင်းထည့်ပါ။ ကြက်ဥ အပူချိန် ချက်ခြင်းကျဆင်းလာတာက ကြက်ဥ အကျက်မလွန်အောင်လည်း ကူညီပေးနိုင်သလို ကြက်ဥအခွံနဲ့ အသားကွာလာပြီး အလွယ်တကူ ခွာလို့ရအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

အဆင့် (၃) ကြက်ဥအခွံကို ခွာပါ။

အဲ့ဒီနောက်မှာ ကြက်ဥ အခန်းအပူချိန်လောက်နဲ့ အတူတူဖြစ်လာပြီဆိုရင် ကြက်ဥကိုစတင်ခွာပါ။ ဒါဆိုရင် အလွယ်တကူ ခွာလို့ရတာ သင်တွေ့လာမှာ ဖြစ်ပါတယ်။