ပဲပင်ပေါက်က ပိန်ပိန်သေးသေးလေးဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်လည်း ပါဝင်တဲ့အပြင် ကယ်လိုရီနည်းပါးပြီး အဆီဓာတ်လုံးဝမပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက် သင့်တော်တဲ့ပဲပင်ပေါက်ကို စားသုံးပေးမယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ –

အရိုးအဆစ်များကို သန်မာစေခြင်း

Source: jeanhailes.org.au

အရိုးများ ကျန်းမာကြံ့ခိုင်နေဖို့အတွက် သတ္တုဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ပဲပင်ပေါက်ထဲမျာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဇင့် သတ္တုဓာတ်များက အရိုးနဲ့ပတ်သက်တဲ့ရောဂါများ စိုးစဉ်းမျှမခံစားရအောင် ကူညီပေးပါတယ်။ ဇင့်ဓာတ်ကို မှန်မှန်မှီဝဲခြင်းက အရိုးပွရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးတယ်လို့ လေ့လာချက်တွေအရ သိရှိနိုင်ပါတယ်။

ကိုလက်စထရောပမာဏကို ထိန်းညှိပေးခြင်း

ကိုလက်စထရောဓာတ်မြင့်မားနေခြင်းက ခန္ဓာကိုယ်ရဲ့သွေးလှည့်ပတ်မှုစနစ်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့်လည်း အာဟာရပညာရှင်တွေက အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို မှီဝဲစားသုံးခိုင်းခြင်းဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာများ စားသုံးခြင်းက သွေးကြောထဲရှိ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။

ကိုယ့်အလေးချိန်လျော့ကျစေခြင်း

Source: chefgourmetllc.com

ဝိတ်ချတဲ့အခါ မှန်ကန်တဲ့အစားအသောက်အရင်းအမြစ်ကို မရှာဖွေနိုင်ခြင်းက စိတ်ဖိစီးမှုများစေပြီး ဝိတ်ပိုတက်စေပါတယ်။ အဝလွန်တဲ့သူတွေက ကယ်လိုရီပမာဏနည်းပြီး အာဟာရဓာတ်ကြွယ်ဝတဲ့အစားအစာများ စားသုံးပေးရမှာပါ။ ကျန်းမာရေးကို မထိခိုက်စေဘဲ ဝိတ်ချချင်တယ်ဆိုရင် အဆီဓာတ်လုံးဝမပါဝင်ဘဲ ကယ်လိုရီဓာတ်နည်းပါးတဲ့ ပဲပင်ပေါက်ကို များများစားသုံးသင့်ပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

Source: freepik.com

ပဲပင်ပေါက်ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အစာချေစနစ်ကို ကောင်းမွန်အောင် ကူညီပေးပါတယ်။ ပဲပင်ပေါက် ပမာဏနည်းနည်းလေးပဲ စားသုံးမယ်ဆိုရင်တော့ အစာမကြေဖြစ်ခြင်းမှ ကာကွယ်ပေးတဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားပါတယ်။

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများမှ ကာကွယ်ပေးခြင်း

Source: anxiety.org

လူသားတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ဇင့်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဗီတာမင် စီဓာတ် မှီဝဲစားသုံးသင့်တယ်လို့ အာဟာရပညာရှင်များက အကြံပေးထားပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်က စိတ်ခံစားချက်များ ညီညွှတ်မျှတနေဖို့အတွက် ထိန်းညှိပေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ပဲပင်ပေါက်ထဲမှာ ပါဝင်တဲ့ သတ္တုဓာတ်နဲ့ အာဟာရဓာတ်များက စိတ်ဖိစီးမှုများကို လျော့ချပေးပြီး စိတ်လှုပ်ရှားမှုများကို ဖယ်ရှားပေးပါတယ်။

ပြစ်မျိုးမှဲ့မထင် အသားအရေ ပိုင်ဆိုင်နိုင်ခြင်း

Source: freepik.com

ပဲပင်ပေါက်မှာ Antioxidant လို့ခေါ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်ပါတယ်။ သေဆုံးသွားတဲ့ အရေပြားဆဲလ်များ၊ တစ်သျှူးများကို ပြန်လည်နုပျိုလာစေဖို့ Antioxidants က ကူညီပေးပါတယ်။ ပဲပင်ပေါက်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်များက အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းများ မဖြစ်ပေါ်အောင် ကာကွယ်ပေးကာ အသားအရေကို တင်းရင်းလှပစေပြီး အရွယ်တင်နုပျိုစေပါတယ်။