ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့စကားလေးအတိုင်းပဲ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ခြင်းက ဘယ်အရာနဲ့မှ လဲလှယ်လို့မရတဲ့ ဆုလာဘ်တစ်မျိုးပဲဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့အပြင် အလှတရားကိုပါ လက်ဝယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လူအများစုက အသားအရေ ကြည်လင်ဝင်းပဖို့၊ ဝက်ခြံကင်းစင်ဖို့၊ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်း ကင်းဝေးဖို့အတွက် အလှကုန် ပစ္စည်းများကိုသာ အားကိုးလေ့ရှိကြပါတယ်။

ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်များ ကြွယ်ဝတဲ့ အစားအစာများကိုတော့ စားသုံးဖို့မေ့နေတတ်ပါတယ်။ တကယ်လို့ သင်က အမှန်တကယ် ကျန်းမာလှပချင်တယ်ဆိုရင် အလှကုန်ပစ္စည်းများနဲ့ ဆေးဝါးအကူအညီတွေတောင် ရယူစရာမလိုပါဘူး။ အခုဖော်ပြပေးမယ့် အစားအစာများကိုသာ နေ့စဉ်စားသုံးပေးလိုက်ပါ။

ထောပတ်သီး

ခန္ဓာကိုယ်အတွက် အဆီဓာတ်ကလည်း မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီဓာတ်ကိုတော့ ထောပတ်သီးမှ ရရှိပါတယ်။ ထောပတ်သီးရဲ့အဆီက အသားအရေတင်းရင်းအောင် ကူညီပေးပြီး နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။

ချောကလက်အမဲ

ချောကလက်အမဲထဲမှာ ပါဝင်တဲ့ ကိုကိုးမှုန့်က အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးတဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ဝိုင်နီ

တစ်နေ့ကို ဝိုင်တစ်ခွက် သောက်သုံးပေးခြင်းက အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတဲ့ ဒြပ်ပေါင်းများကို လျော့ချပေးနိုင်တာကြောင့် သင့်ရဲ့ရုပ်ရည်က အစဉ်အမြဲ နုပျိုနေမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အစိမ်းလိုက် ဝါးစားလို့လည်းရသလို၊ ဆော့စ်ပြုလုပ်ခြင်း၊ ချက်စားခြင်း စသည်ဖြင့် အရသာမျိုးစုံရရှိအောင် လုပ်စားနိုင်ပါတယ်။ ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်က သင့်ရဲ့အသားအရေကို လျော့အိတွဲကျခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အာလူး

အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးဖို့က အလှအပတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ကြောင့်လည်း နေလောင်ဒဏ်မှ ကာကွယ်ပေးရပါမယ်။ နေလောင်ဒဏ်ကြောင့် အရေပြားကင်ဆာ ခံစားရပါက အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်များပါတယ်။ အသားအရေခြောက်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကလည်း နေလောင်ဒဏ်ကြောင့်ပဲဖြစ်ပါတယ်။

သင့်အသားအရေကို ပူပြင်းတဲ့နေလောင်ဒဏ်မှ ကာကွယ်ပေးချင်တယ်ဆိုရင် အာလူး များများ စားသုံးပေးနိုင်ပါတယ်။

Source: Hdresearch.org