ယနေ့ခေတ်မှာ အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေကို လူတိုင်းနီးပါးသိရှိနားလည်လုပ်ဆောင်လာကြပါပြီ။ အသားအရေထိန်းသိမ်းခြင်း လို့ပြောလိုက်တာနဲ့ ရှားစောင်းလက်ပတ်က မေ့ထားလို့မရတဲ့ သဘာဝပစ္စည်းတစ်ခုပါပဲ။ ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်က အသားအရေအတွက် ဘယ်လိုကောင်းကျိုးတွေပေးလဲ ဆိုတာပြောပြပေးချင်ပါတယ်။

Source : Healthline

ရှားစောင်းလက်ပတ်မှာ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်တွေပေါင်းများစွာ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင်ဗီတာမင်ဓာတ်များစွာလည်း အစုံအလင်ပါဝင်တာကြောင့် အသားအရေနေလောင်ပျက်စီးခြင်း အမဲကွက်တွေဖြစ်ခြင်းစတဲ့ ပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်ဟာ မျက်နှာပေါ်မှာ ဝက်ခြံထွက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုတွေကိုလည်း အချိန်တိုအတွင်း သက်သာစေပါတယ်။ ဝက်ခြံ တင်းတိတ်နဲ့ အမဲစက်တွေကိုလည်း အမြန်ဆုံးသက်သာစေပြီး ကြည်လင်ရှင်းသန့်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ရစေမှာဖြစ်ပါတယ်။

Source : americanschoolofnaturalhealth.com

ဝက်ခြံကြောင့် မျက်နှာပေါ်မှာ အနီကွက်နဲ့ ရောင်ရမ်းမှုတွေ ဖြစ်နေရင်တော့ ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပြီး ရေအနည်းငယ်ထည့်ကာ ရေခဲသေတ္တာထဲ အေးခဲသွားတဲ့အထိ ထားပေးရပါမယ်။ အဆိုပါ ရှားစောင်းလက်ပတ်ရေခဲတုံးလေးနဲ့ ရောင်ရမ်းမှုတွေဖြစ်နေတဲ့နေရာတစ်ဝက် စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးမယ်ဆိုရင် ရောင်ရမ်းမှုတွေလျော့ကျစေပြီးချော့မွတ်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source : eventila.com

နောက်ထပ်လည်း အသားအရေမညီညာသူတွေ အသားအရေလျော့တွဲနေသူအတွက်လည်း ရှားစောင်းလက်ပတ်အနှစ်ကို ပျားရည်အနည်းငယ်ရောပြီး သမအောင်မွေကာ မျက်နှာအနှံ့ လိမ်းပေးရပါမယ်။ ထို့နောက် တဘက်အပါးလေးနဲ့ မျက်နှာပေါ်အုပ်ကာ မိနစ်(၃၀) ခန့်ထားပေးရပါမယ်။ အချိန်စေ့ရင်တော့ မျက်နှာသစ်ကာ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုလိမ်းပေးရပါမယ်။ ဒီနည်းအတိုင်းတစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် အသားအရေတင်းတင်းရင်းရင်းနဲ့ ဖြူဝင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။