ကျန်းမာပျော်ရွှင်စွာနေထိုင်ဖို့အတွက် အရိုးအဆစ်များ ကြံ့ခိုင်သန်မာနေဖို့လိုပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်လာခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်သော အစားအသောက်များ စားသုံးခြင်း စတဲ့ အချက်တွေကြောင့် အရိုးများအားနည်းလာပြီး အရိုးပွရောဂါများ ခံစားရပါတော့တယ်။ လေ့လာချက်များအရ တစ်နှစ်ကို လူပေါင်း ၈.၉ သန်းခန့်က အရိုးပွရောဂါကို ခံစားနေကြရတာပါ။

အမျိုးသမီးတွေဆိုရင် အသက် (၃၀) ကျော်လာတဲ့အခါ အရိုးသိပ်သည်းဆအားနည်းလာပြီး ချော်လဲခြင်းနဲ့ ထိခိုက်ဒဏ်ရာအနာတရဖြစ်လာတာနဲ့ အရိုးရဲ့ အားပြန်ကောင်းနိုင်ချေ ကြန့်ကြာသွားပါတော့တယ်။ အသက်ရလာတဲ့အခါ အရိုးပွရောဂါမခံစားရအောင် အရိုးအဆစ်တွေ သန်မာနေအောင် ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ။

ဒိန်ချဉ်

ကယ်လစီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင် အေနဲ့ ပရိုဘိုင်အိုးတစ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဒိန်ချဉ်က အရိုးတည်ဆောက်မှု အားကောင်းအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ တစ်နေ့ကို ဒိန်ချဉ် ၃ ခွက်ခန့် စားသုံးပေးမယ်ဆိုရင် အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်မှာပဲဖြစ်ပါတယ်။

နွားနို့

ကယ်လစီယမ်၊ ဖော့စဖရပ်စ်၊ ပိုတက်စီယမ်၊ ဗီတာမင် အေနှင့် ဗီတာမင် ဒီတို့ ကြွယ်ဝတဲ့ အစားအစာနောက်တစ်မျိုးကတော့ နွားနို့ပဲဖြစ်ပါတယ်။ တစ်နေ့ကို နွားနို့နှစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းက အရိုးအဆစ်များကျန်းမာကြံ့ခိုင်နေစေမှာဖြစ်သလို အသားအရေလည်း လှပစေမှာပဲဖြစ်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက် စတဲ့ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်တွေက ကယ်လစီယမ်ဓာတ်၊ ဗီတာမင် စီနှင့် ဗီတာမင် ကေ၊ Antioxidants တို့ ပါဝင်တဲ့အတွက်ကြောင့် တစ်နေ့ကို အမျိုးအစားကွဲ ဟင်းသီးဟင်းရွက် ၃ မျိုး စားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေလည်း ကျန်းမာစေမယ့်အပြင် ကိုယ်ခံစွမ်းအားလည်း မြင့်မားလာမှာပဲဖြစ်ပါတယ်။

ဒိန်ခဲ

ဒိန်ခဲများက နွားနို့က ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကယ်လစီယမ်ဓာတ် မကြွယ်ဝမှာကိုတော့ ပူစရာမလိုပါဘူး။ ကယ်လစီဓာတ်တစ်ခုတည်းတင် မကပါဘူး။ ဗီတာမင် အေ၊ ဗီတာမင် B12၊ ဇင့်နဲ့ ဖော့စဖရပ်စ်ဓာတ်တို့လည်း အများအပြားပါဝင်ပါတယ်။ ဒိန်ခဲကို အစားအသောက် ချက်ပြုတ်ပြင်ဆင်တဲ့အခါ အသုံးပြုပေးမယ်ဆိုရင် အစားအသောက်ရဲ့ အရသာလည်း ပိုမိုကောင်းမွန်မယ့်အပြင် အရိုးအဆစ်များလည်း ကျန်းမာသန်စွမ်းမှာပဲဖြစ်ပါတယ်။

ငါး

ငါးသေတ္တာ၊ တူနာငါး၊ ဆော်လမွန်ငါးများမှ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးနိုင်မယ့် ဗီတာမင် ဒီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ တစ်နေ့ကို ငါး ၃ အောင်စခန့် စားပေးခြင်းက အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လစီယမ်ဓာတ်ကို ထောက်ပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဥအမျိုးမျိုး

ကြက်ဥအနှစ်ထဲမှာ ဗီတာမင် ဒီ၊ ဗီတာမင် အေ၊ ဗီတာမင် အီးနှင့် ဗီတာမင် ကေတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ကြက်ဥကို အနှစ်ချည်းပဲစားသုံးမယ်၊ ကြက်ဥအကာချည်းပဲ စားသုံးမယ့်အစား ကြက်ဥတစ်လုံးလုံးကို စားသုံးပေးသင့်ပါတယ်။ တစ်နေ့ကို ကြက်ဥ ၂ လုံးခန့် စားသုံးပေးခြင်းက အရိုးအဆစ်များ ကြံ့ခိုင်နေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ရှောင်ကြဉ်သင့်တဲ့အစားအစာများ

အရိုးကျန်းမာနေဖို့အတွက် အငန်ဓတ်ကဲသော အစားအစာတွေဖြစ်တဲ့ အာလူးချောင်းကြော်၊ ကြက်အူချောင်း၊ ကြက်သားကြော်များ၊ ကာဖိန်းဓာတ်ပါဝင်သော ဖျော်ရည်များ၊ အရက် ဘီယာများ စတဲ့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာများကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

Source: stylecraze.com