အိမ်ရှင်မတိုင်းအတွက် မီးဖိုချောင်နဲ့ပတ်သက်ပြီး အသုံးဝင်စေမယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ဒယ်အိုးတွေမှာ ဂျိုးကပ်တဲ့အခါမှာ စတီးဖတ်တွေနဲ့တိုက်ရင် ဒယ်အိုးမှာ အစင်းရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒယ်အိုးထဲကို ရေနွေးထည့်ပြီး ပန်းကန်ဆေးဆပ်ပြာရည် နည်းနည်းထည့်လိုက်ပါ။ ပြီးရင် ဆီဆုပ်စက္ကူ တစ်ရွက်ထည့်ပြီး ၁ နာရီထားလိုက်ပါ။ အချိန်ပြည့်ရင် သွန်ချလိုက်ပါ။ ဒါဆိုရင် ဂျိုးကပ်နေတာတွေက သူ့အလိုလိုပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။

သံပယိုသီးကို အစားအသောက်ထဲညှစ်စားချင်တယ်၊ မကုန်ရင် ပစ်ရမှာလည်းကြောက်တယ်ဆိုရင် သံပယိုသီးကို လက်နဲ့လှိမ့်ပြီး ထပ်ကိုလှီးလိုက်ပါ။ ပြီးရင် Spray ဘူးမှာပါတဲ့ ညှစ်တံလေးကို သံပယိုသီးမှာ ထိုးထည့်လိုက်ပြီး ညှစ်သုံးမယ်ဆိုရင် ကြာကြာထားလည်း မပုပ်တော့ဘူးပေါ့။

မှိုကိုလှီးတဲ့အခါမှာ မှိုတွေကသေးတော့ လှီးမယ်ဆို အများကြီးလှီးရမှာပါ။ ဒါကြောင့် မြန်မြန်ဆန်ဆန်ပြီးအောင် တုတ်ချောင်းလေးမှာ မှိုတွေတန်းစီထိုးပြီး ဓားနဲ့ လှီးချလိုက်မယ်ဆိုရင် တစ်ခါထဲနဲ့ အများကြီးပြီးသွားမှာပါ။

ဂေါ်ဖီထုပ်ကိုလှီးရင်လည်း ဓားနဲ့လှီးရင် ကြာပါတယ်။ ခြစ်တဲ့အတံလေးနဲ့ခြစ်ရင် ပိုမြန်ပြီး လုပ်ရတာလည်း ပိုသက်သာပါတယ်။

အိမ်မှာသုံးတဲ့ကော်ဗူးတွေ ဝါနေရင် ဗူးထဲကို သကြားနဲ့ ပန်းကန်ဆေးဆပ်ပြာရည်ထည့်ပြီး ရေခဲတုံးထည့်၊ ရေနည်းနည်းထည့်ပြီး လှုပ်ပါ။ ပြီးရင် အဲ့အတိုင်းပဲ ကြာကြာထားလိုက်ပါ။ ပြီးမှ ရေဆေးချလိုက်မယ်ဆိုရင် ဗူးဝါနေတာပြောင်သွားပါလိမ့်မယ်။

Source: www.blossom