တရုတ်နံနံဟာ မြန်မာပြည်မှာတော့ ခေါက်ဆွဲကြော်၊ ကြာဆံကြော်နဲ့ တရုတ်ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါမှာ ထည့်ဝင်ပြီး အသုံးပြုပါတယ်။ အနံ့မွှေးကြိုင်ပေမယ့် တချို့ကတော့ မကြိုက်လှပါဘူး။ တရုတ်နံနံဟာ ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုဖြစ်ပြီး လူတွေ သိပ်သတိမထားမိတဲ့ ဆေး တစ်မျိုးလည်း ဖြစ်ပါတယ်။

တရုတ်နံနံပင်မှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းမွန်စေပြီး ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပွားတဲ့ အဖျားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ အတွက် အရိုးအဆစ်ရောင် ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။

တရုတ်နံနံမှာ Myristicin လို့ခေါ်တဲ့ အဆီတစ်မျိုးဟာ ကိုယ်တွင်း အကျိတ်ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပြီး အထူးသဖြင့် အဆုတ်အတွင်း အဖုအကျိတ်တွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ညှော်နံ့တွေ ကိုယ်တွင်း ဝင်ရောက်မှုကို ပျက်ပြယ်စေပြီး ပန်းနာရင်ကျပ်ရောဂါကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။

တရုတ်နံနံပင်ကို ထောင်းပြီး ရလာတဲ့ သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် ဆံပင်သန်စွမ်းစေပြီး ဗောက်များ ပျောက်ကင်းစေနိုင်ပါတယ်။ သွေးထဲမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆီးချိုသမားတွေအတွက်ကတော့ အသုံးဝင်တဲ့ အပင်တစ်မျိုးပါ။

တချို့ ဆီးချိုသမားတွေကတော့ ထမင်းစားပြီးတိုင်း တရုတ်နံနံ တစ်ရွက် စားပေးကြပါတယ်။ တရုတ်နံနံမှာ Antioxidant ပါဝင်မှု များပြားတာကြောင့် သွေးထဲမှာ ရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုးပွားစေပြီး ဆဲလ်များ အောက်ဆီဂျင် ပြတ်လတ်မှုကနေ ကာကွယ်ပေးပါတယ်။

သူရဲ့ နောက်အစွမ်း တစ်မျိုးကတော့ နှလုံးသွေးကြောတွေမှာ အဆီပိတ်ခြင်းနဲ့ နှလုံးရောဂါ အမျိုးမျိုး၊ နှလုံးရောဂါကြောင့် ရုတ်တရက် လေဖြတ်ခြင်း တို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဝမ်းလျော ဝမ်းပျက် ဖြစ်တဲ့ အခါ နံနံရွက်ကို ကြိတ်ပြီး သောက်ပေးလို့ ရပါတယ်။

ဒါ့အပြင် ဆီးရွှင်စေတဲ့ အတွက် ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်တို့ကို ကောင်းမွန်စေပါတယ်။ အိပ်မပျော်ခြင်းနဲ့ စိတ်ကစဉ့်ကလျား ဖြစ်ခြင်းတို့ကို ကောင်းစွာ ကုသနိုင်တဲ့ ဆေးတစ်လက်ပါ။

သွေးတိုးသမားတွေအတွက်ကတော့ တရုတ်နံနံပင်ကို အိမ်မှာ စိုက်ထားပြီး နေ့စဉ် စားသုံးပေးသင့်ပါတယ်။ အရိုးအဆစ်တွေ နာကျင်တဲ့ အခါ တရုတ်နံနံကို ရေနွေးထဲ ထည့်စိမ်ပြီးသောက်သံးနိုင်သလို သူ့မှာ ပါတဲ့ ဗီတာမင် ကေကြောင့် အရိုးနဲ့သွားတွေကို ကျန်းမာစေနိုင်ပါတယ်။

တရုတ်နံနံမှာ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ မပါဝင်တဲ့ အတွက် ကင်ဆာကို တိုက်ဖျက်နိုင်စွမ်း ရှိပြီး ကိုယ်အလေးချိန် လျော့ချသူတွေ အတွက် ပုံမှန် စားပေးခြင်းဖြင့် ထိရောက်စေပါတယ်။

သတိထားရမှာကတော့ ကိုယ်ဝန်ဆောင်တွေ တရုတ်နံနံပင် အလွန်အကျွံ စားသုံးခြင်းနဲ့ မွေးရာပါ သွေးအားနဲသမားတွေ မစားသုံးသင့်ပါဘူး။

တရုတ်နံနံဟာ ဆီးကို ရွှင်စေတာ မှန်ပေမယ့်လည်း သူ့မှာ ပါတဲ့ Oxalates ဓာတ်ဟာ များတာကြောင့် ကျောက်ကပ်ရောဂါသည်တွေနဲ့ သည်းခြေဝေဒနာသည်တွေ မစားသုံးသင့်ပါဘူး။ အစာလည်းဆေး ဆေးလည်း အစာဆိုပေမယ့် အားလုံး အကောင်းချည်း မဖြစ်နိုင်တာကြောင့် သတိထားပြီး စားသုံးသင့်ပါတယ်။

Credit: Healthnet