ဟင်းခတ်အမွှေးအကြိုင် တစ်ခု အဖြစ် အသုံးများတဲ့ သစ်ကြမ်းပိုးခေါက်ကို အိမ်ရှင်မတွေ အတော်များများသိမယ် ထင်ပါတယ်။ အိန္ဒိယ အစားအစာတွေ ချက်တော့မယ် ဆိုရင် ထည့်သုံးလေ့ ရှိပြီး အနံ့မွှေးကြိုင်ပြီး ဗိုက်ကို ဆာလောင်လာစေတဲ့ အစွမ်း ရှိပါတယ်။ ဒီလို အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဟာ လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်ဆိုရင် အံ့သြစရာတော့ ရှိမယ်မထင်ပါဘူး။

သစ်ကြမ်းပိုးခေါက်မှာ အမျိုးအစား ၂မျိုး ရှိပြီး တစ်မျိုးကတော့ သွေးထဲက သကြားဓာတ်ကို လျော့ချပေးပြီး ဆီးချိုသမားတွေ အတွက် ကောင်းတယ်လို့ ဆိုပါတယ်။ သုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ဆီးချို ဝေဒနာရှင်တွေကို စမ်းသပ်ချက် ပြုလုပ်ထားပြီး အခြေခံထားတဲ့ အချက်ဖြစ်ပါတယ်။ သစ်ကြမ်းပိုးခေါက်မှာ ပါဝင်တဲ့ Cinnamalde Hydein ဆိုတဲ့ ဓာတ်ပေါင်းဟာ အင်ဆူလင်ဟော်မုန်း ထွက်ဖို့ ပံ့ပိုးပေးနိုင်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ကိုလက်စထရောကို ကျစေပြီး HIV ဝေဒနာရှင်တွေကို ကုသရာမှာ ဖြစ်တဲ့ ရေယုန်ကိုလည်း သက်သာစေပါတယ်။ နောက်ဆုံး တွေ့ရှိချက်အရ သစ်ကြမ်းပိုးမှာ Antioxidant တွေ ပါဝင်တဲ့ အတွက် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး လူတွေရဲ့ ကိုယ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။

ဆီးချိုဝေဒနာရှင်တွေ သစ်ကြမ်းပိုးခေါက်ကို စားသုံးမယ်ဆိုရင်တော့ အမှုန့်ကြိတ်ပြီးစားပေးရပါမယ်။ သူက တရားဝင် ဆေးဖြန့်တာ မရှိသလို သူနဲ့ ပြုလုပ်ထားတဲ့ ဆေးလည်း မရှိသေးပါဘူး။ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ဇွန်း ဒါမှမဟုတ် ဇွန်းဝက်လောက် စားပေးရပါမယ်။ အရမ်းများရင်တော့ အဆိပ်ပြန်ဖြစ်စေနိုင်ပါတယ်။

ဆိုးကျိုးတွေ အနေနဲ့ကတော့ သစ်ကြမ်းပိုးခေါက်မှာ ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ ဒါပေမယ့် လိုအပ်တာထက် ပိုပြီး စားမိရင်တော့ ပါးစပ်နဲ့ နှုတ်ခမ်းတွေ စပ်ဖျဉ်းဖျဉ်း ဖြစ်စေပြီး နေရထိုင်ရ ခက်စေပါမယ်။ တစ်ချို့လူတွေကတော့ ဓာတ်မတည့်တဲ့ သဘောမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာ အဖုတွေ ထွက်ပြီး ယားလာတာမျိုး၊ နှုတ်ခမ်းတွေ ထုံလာတာမျိုးတွေပါ။ အရမ်းအများကြီး စားမိတဲ့ အခါ အဆိပ်အနေနဲ့ အသည်းကို သွားပြီး ထိခိုက်စေပါတယ်။

*****သတိပြုရာမှာက နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ လုံး၀ စားလို့ မသင့်တော်ပါဘူး။

Credit: Webmd