စိတ်ဖိစီးမှုဆိုတာ လူတိုင်း ခံစားနေရတဲ့ ဝေဒနာတစ်ခုပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ စုပုံလာတဲ့အခါမှာ စိတ်ကျရောဂါခံစားရလာပါတော့တယ်။ စိတ်ဖိစီးမှုက သင့်ရဲ့လူနေမှုဘဝ၊ လုပ်ငန်းခွင်အခြေအနေ၊ ပေါင်းသင်းဆက်ဆံရေး စတဲ့ အခြေအနေမျိုးစုံကို သက်ရောက်မှုရှိပါတယ်။

စိတ်ဖိစီးမှု မခံစားရဖို့အတွက် စိတ်ရောဂါကုထုံးများဖြင့် ကုသခြင်း၊ စိတ်ငြိမ်အောင် တရားထိုင်ခြင်း၊ ကိုယ်ရော စိတ်ပါ ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွှတ်သော အစားအစာများ စားသုံးခြင်း စသည်တို့ကို ပြုလုပ်ပေးရပါမယ်။

အရေးအကြီးဆုံးအချက်တစ်ခုကတော့ စိတ်ကျရောဂါဖြစ်ပေါ်စေသော အစားအစာများကို ရှောင်ကြဉ်ခြင်းပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကို ဖြစ်ပေါ်စေတဲ့အစားအစာတွေကတော့…

သကြား

စိတ်ကျရောဂါနဲ့ ဆီးချိုရောဂါက ဘာ့ကြောင့် ဆက်စပ်မှုရှိနေတာလဲဆိုတာကို သုနေသနပညာရှင်များက စိတ်ဝင်စားနေကြပါတယ်။ မကြာသေးခင်ကမှ လေ့လာထားတဲ့ လေ့လာချက်အရ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းက ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို လျော့ကျစေပြီး စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများ ထွက်ပေါ်လာတယ်လို့ သိရှိရပါတယ်။

အသင့်စား အစားအစာများ

စိတ်ညစ်နေတဲ့အချိန်မှာ လတ်လတ်ဆတ်ဆတ်နဲ့ ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာများကို ချက်ပြုတ်စားသုံးဖို့ဆိုတာ ဧဝရတ်တောင်ထိပ်ကို တက်ရတာထက် ပိုမိုခက်ခဲပါတယ်။ ဒါ့ကြောင့် အလွယ်တကူစားသုံးနိုင်တဲ့ အသင့်စားအစာအစာများကိုပဲ စားသုံးဖြစ်ကြပါတယ်။

၂၀၁၂ ခုနှစ်က လေ့လာထားတဲ့လေ့လာတွေ့ရှိချက်အရ အသင့်စား အစားအစာများကို မကြာခဏစားသုံးသူ ၅၁ ရာခိုင်နှုန်းခန့်က စိတ်ကျရောဂါ ခံစားရနိုင်ချေရှိတယ်လို့ သိရှိရပါတယ်။

ကဖိန်းဓာတ်ပါဝင်သော ဖျော်ရည်များ

ကဖိန်းဓာတ်က စိတ်ဖိစီးမှုကို တိုက်ရိုက်တော့ အကျိုးသက်ရောက်မှုမရှိဘူးလို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ကဖိန်းဓာတ်က အိပ်စက်မှုကိုတော့ အနှောင့်အယှက်ဖြစ်စေပါတယ်။ ညစဉ်ရက်ဆက် အိပ်ရေးပျက်လာတဲ့အခါမှာတော့ စိတ်ဖိစီးမှုကနေတဆင့် စိတ်ကျရောဂါ ခံစားရလာပါတော့တယ်။

ဒါ့ကြောင့် နေ့လည်စာ စားပြီးနောက်ပိုင်းမှာ ကာဖိန်းဓာတ်ပါဝင်တဲ့ အချိုရည်များကို လုံးဝ မသောက်သုံးသင့်တော့ပါဘူး။

ဆိုဒါနှင့် သစ်သီးဖျော်ရည်များ

ထိုအချိုရည်နှစ်မျိုးစလုံးမှာ သကြားဓာတ်များ များပြားစွာပါဝင်ပါတယ်။ ဆိုဒါအချိုရည်မှာတော့ ဓာတုဆိုးဆေးများ ဆေးသကြားများ ပါဝင်ပါတယ်။ အချို့သစ်သီးဖျော်ရည်များကတော့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တယ်ဆိုပေမယ့် သကြားဓာတ်လည်း ပါဝင်သေးတယ်ဆိုတာကို မမေ့ပါနဲ့။

ဒါ့ကြောင့် သစ်သီးဖျော်ရည်ကို သောက်သုံးချင်တယ်ဆိုရင်တော့ မိမိအိမ်မှာပဲ သကြားမထည့်ဘဲနဲ့ သဘာဝအရသာအတိုင်း ဖျော်သောက်ပေးလိုက်ပါ။

နို့ထွက်ပစ္စည်းများ

လေ့လာတွေ့ရှိချက်အချို့အရ နို့ထွက်ပစ္စည်းထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ရောင်ရမ်းမှုနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်ဖို့အတွက် လုံလောက်တဲ့ကယ်လ်စီယမ်ဓာတ်ကို လိမ္မော်သီး၊ တရုတ်ဆီးသီး၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနှင့် ဟင်းနုနွယ်တို့ထံမှ ရယူလိုက်ပါ။

Source: Nutritionexp.com