နေ့တိုင်းနေ့တိုင်းမှာ သောက်စရာတွေကို မဆင်ခြင်ပဲသောက်နေတာမျိုးတွေရှိပါတယ်။ အချိုရည်တွေကို အများကြီးသောက်မိပြီး ရေသောက်တာက နည်းသွားတာမျိုးတွေ ရှိတတ်တာကြောင့် အသားအရေအတွက်ကောင်းတာမျိုးတွေ မဖြစ်လာနိုင်တော့ပါဘူး။ ကြည်လင်လှပတဲ့အသားအရေမျိုးကို ရရှိပိုင်ဆိုင်ဖို့အတွက်ဆိုရင် ဒီလိုမျိုး သောက်စရာလေးတွေကို နေ့တိုင်းသောက်ပေးရုံနဲ့ အချိန်တိုအတွင်းမှာ ကောင်းမွန်တဲ့အသားအရေမျိုးကို ရရှိလာမှာပဲဖြစ်ပါတယ်။

တစ်နေ့လုံးစာအတွက်ဆိုရင် ရေ ၈ ခွက်ပြည့်အောင်သောက်ပေးဖို့လိုပါတယ်။ တစ်နေ့တာလုံးမှာ လိုအပ်တဲ့ရေဓာတ်ကောင်းကောင်းပြည့်ဝနေမှလည်း ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အသားအရေကိုလည်း ကြည်လင်လှပလာစေမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရေဆာနေတဲ့အချိန်မှာ ရေကိုပဲအဓိကထားပြီး သောက်ပေးဖို့အကြံပေးချင်ပါတယ်နော်။

မနက်ခင်းတိုင်းမှာလည်း ကော်ဖီသောက်တာတွေကို ခဏလောက်ရပ်ထားပြီး ကော်ဖီနေရာမှာ ပဲနို့ကိုအစားထိုးပြီးသောက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ပဲနို့မှာပါဝင်နေတဲ့ ပရိုတင်းဓာတ်တွေက ခန္ဓာကိုယ်ကိုအင်အားပြည့်ဝစေပြီး အသားအရေအတွက်လည်း ကောင်းကျိုးတွေရှိစေပါတယ်။ အရေးအကြောင်းတွေဖြစ်စေမှုကိုလည်း လျော့နည်းစေပြီး အသားအရေကိုကြည်လင်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်နော်။

နေ့ခင်းနေ့လည်တွေမှာလည်း အချိန်ခဏလောက်အားနေရင် ရေနွေးကြမ်းသောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းသောက်ပေးတာက သင့်အသားအရေကို ကြည်လင်လာစေဖို့ ကူညီပေးနိုင်ပြီး ကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုလည်း ပြေလျော့လာစေနိုင်ပါတယ်။ အရေးအကြောင်းဖြစ်တာတွေကို လျော့နည်းစေပြီး အရေပြားကင်ဆာဖြစ်စေမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

အိပ်ယာဝင်ခါနီးအချိန်တွေမှာလည်း ရေထဲကိုသခွားသီးလေးတွေ ပါးပါးလှီးထည့်ပြီး သောက်ပေးမယ်ဆိုရင် အသားအရေကိုကြည်လင်စေပြီး ရေဓာတ်ကိုလည်းပြည့်ဝသွားစေပါတယ်။

ဒီလိုမျိုးတွေကို နေ့တိုင်းပုံမှန်လုပ်ပေးလာမယ်ဆိုရင်တော့ အသားအရေအတွက် လိုအပ်မှုတွေပြည့်ဝသွားပြီး ကြည်လင်လှပတဲ့အသားအရေကို အချိန်တိုအတွင်းမှာ ရရှိလာမှာပဲဖြစ်ပါတယ်။

Photo Source: Pexels