အစားအစာတွေရဲ့ စွန့်ပစ်ပစ္စည်းတွေဟာ သုံးတတ်မယ်ဆိုရင်တော့ တကယ့်ကို အကျိုး ရှိလှပါတယ်။ ဒီတခေါက်မှာတော့ ကြက်ဥအခွံလေးတွေကို ဘယ်လို ပြန်ပြီး အသုံးချမလဲ ဆိုတာကို မျှဝေချင်ပါတယ်။ ကမ္ဘာမြေကြီးကို ချစ်ခင်ရာ ရောက်သလို အိမ်ရှင်မတွေလည်း အသုံးတည့်မယ့် အိမ်သူအိမ်သားတွေလည်း စိတ်ချမ်းသာစေမယ့် နည်းလေးပါပဲ။ ဒါကတော့ ကြက်ဥအခွံတွေထဲမှာ စားပင်သီးနှံလေးတွေ ပြန်စိုက်တာပါပဲ။
Source: How Lar?
လိုအပ်တဲ့ ပစ္စည်းတွေကတော့
- ကြက်ဥ အခွံ ၆လုံး (ကိုယ်ကြိုက်နှစ်သက်သလောက် သုံးလို့ ရပါတယ်)
- ကြက်ဥထည့်တဲ့ Box လေးတစ်ခု
- မြေဆွေးအနည်းငယ်
- ကိုယ်စိုက်ချင်တဲ့ ပျိုးပင်ရဲ့ အစေ့
ပြင်ဆင်နည်း
၁။ ကြက်ဥတွေကို ကြော်ပြီးတဲ့ အခါ ကျန်နေတဲ့ ကြက်ဥအခွံတွေကို ယူပါ။ ရေထဲမှာ နှစ်ပြီး ဆေးပါ။
၂။ ကြက်ဥအခွံ အတွင်းက အမြှေးပါးလေးကို ဖယ်ထုတ်ပါ။
၃။ ကြက်ဥရဲ့ ဖင်ဖက်ကနေ အပေါက်သေးသေးလေးကို သတိထားပြီး ဖောက်လိုက်ပါ။ ရေလောင်းတဲ့ အခါ အောက်ကို စိမ့်ကျအောင်ပါ။
၎။ ကြက်ဥခွံတွေကို ကြက်ဥ သေတ္တာထဲ ပြန်ထည့်ပြီး မြေဆွေး ၄ပုံ၃ပုံလောက် ထည့်ပါ။
၅။ ကိုယ်စိုက်ချင်တဲ့ ပျိုးပင်ရဲ့ အစေ့ကို ထည့်ပါ။ အပေါ်ကနေ မြေဆွေးနဲ့ ပြန်အုပ်ထားပါ။
၆။ ရေလောင်းပေးပါ။ နေ့စဉ် ဇွန်းလေးနဲ့ လောင်းပေးပါ။ ကိုယ်စိုက်တဲ့ အပင်ရဲ့ အမျိုးအစားပေါ် မူတည်ပြီး ရေအနည်းအများ ကြည့်လောင်းပါ။
၇။ နေရောင်ရတဲ့ နေရာမှာ ထားပါ။ ရက်အနည်းငယ် အတွင်းမှာ အပင်ပေါက်လေးတွေ ထွက်လာပါလိမ့်မယ်။ ၁လက်မကျော်ကျော်လောက် ထွက်လာပြီဆိုရင် ကြက်ဥရော အပင်ရော အိုးအကြီး ဒါမှမဟုတ် ကိုယ် စိုက်ချင်တဲ့ နေရာမှာ ပြောင်းစိုက်ပါ။ ကြက်ဥအခွံဟာ ဆွေးပြီး မြေဆွေးအဖြစ် ပြန်ပြီး အာနိသင် ပေးပါလိမ့်မယ်။
ကဲ စမ်းသပ်ကြည့်လိုက်ရအောင်ပါ။ ကျွန်မကတော့ ကြက်သွန်နီပင်လေး စိုက်ထားတယ်။
Source: buzzfeed