ကြက်သွန်ဖြူလို့ ပြောလိုက်တာနဲ့ စပ်တယ်၊ နံတယ် အစရှိသဖြင့် ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သင်တို့ ဒါကို စားသင့်ပါတယ်။ ကြက်သွန်ဖြူဟာ အစားအစာ သက်သက်မဟုတ်ဘဲ ဆေးဝါးအဖြစ်နဲ့ သုံးဆောင်သင့်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀၀၀ လောက်ကနေ စပြီး စားသုံးလာကြတဲ့ ကြက်သွန်ဖြူဟာ ဆေးဖက်ဝင် အစားအစာ တစ်မျိုးပါ။ တစ်ကမ္ဘာလုံး ဟင်းခတ်အမွှေးအကြိုင် အဖြစ် သုံးကြပြီး အီဂျစ်လူမျိုးတွေက စတင်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း အဓိက ဟင်းခတ်အဖြစ် သုံးကြပါတယ်။ ဟင်းတွေ အနံ့မွှေးအောင် ဟင်းချက်တဲ့ အခါတိုင်း ထည့်ပြီး ချက်လေ့ရှိပါတယ်။ တစ်ချို့တွေကတော့ ကြက်သွန်ဖြူ ဥတစ်လုံးကို ပျားရည်နဲ့ စိမ်ပြီး ဆေးဝါးအဖြစ် နေ့တိုင်း သီးသန့်စားကြပါတယ်။ နေ့စဉ် သတိမထားမိဘဲ စားနေတဲ့ ကြက်သွန်ဖြူမှာ ဘယ်လို အကျိုးဖြစ်စေမယ့် အချက်တွေ ရှိလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

၁။ ကြက်သွန်ဖြူဟာ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် တားဆီးပေးနိုင်ပါတယ်။ ရုတ်တရက် နှလုံးဖောက်တို့ နှလုံးခုန် မမှန်တာတို့ကို လျော့ချစေပါတယ်။ သူက ကိုလက်စထရော ပါဝင်မှုကို လျော့ချပေးပြီး ရှိသင့်တဲ့ ကိုလက်စထရော ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ထရိုင်ဂလစ်စရွိုက် ကိုလက်စထရော အမျိုးအစားကို လျော့ချပေးနိုင်ပါတယ်။ ဒါဟာ နှလုံး သွေးကြောပိတ်ခြင်း၊ လေဖြတ်လေဖျန်းခြင်းနဲ့ ကင်ဆာရောဂါတွေကို သွယ်ဝိုက်ပြီး တားဆီးပေးနေခြင်း ဖြစ်ပါတယ်။

၂။ ကြက်သွန်ဖြူ နေ့တိုင်းစားခြင်းဟာ ရုတ်တရက် သွေးပေါင်တက်ခြင်းကို ထိန်းညှိပေးနိုင်စွမ်း ရှိသလို သွေးကြောတွေကို ကျယ်စေကာ သွေးပေါင်ကို သဘာဝအတိုင်း ချပေးနိုင်တဲ့ သတ္တိရှိတာလည်း တွေ့ရပါတယ်။ သွေးကျဆေးအဖြစ်တော့ သုံးစွဲနိုင်ခြင်း မဟုတ်ပေမယ့် နေ့စဉ် ပုံမှန် စားပေးရင်တော့ သွေးတိုးသမားတွေ အတွက် အထောက်အကူ ဖြစ်စေပါတယ်။

၃။ ကြက်သွန်ဖြူဟာ ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးနိုင်ပြီး အထူးသဖြင့် အစာအိမ်ကင်ဆာနဲ့ အူလမ်းကြောင်း ကင်ဆာတို့ကို မဖြစ်ပွားအောင် တားဆီးနိုင်ပါတယ်။ ကင်ထားတဲ့ အသားတွေနဲ့ ချက်ထားတဲ့ အသားတွေမှာ HCAs လို့ ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပါတယ်။ HCAs ထဲကနေ ကိုယ်ထဲက DNA ကို ဖျက်ဆီးနိုင်တဲ့ ဒြပ်ပေါင်းတွေ အဖြစ်ပြောင်းပြီး ကင်ဆာဖြစ်ပေးစေတာပါ။ ကြက်သွန်ဖြူဟာ ဒီဖြစ်စဉ်ကို ထိရောက်စွာ တားဆီးပေးနိုင်တာကြောင့်အသားကင်တွေ စားတဲ့ အခါ ကြက်သွန်ဖြူ ထည့်စားသင့်ပါတယ်။

၄။ ကြက်သွန်ဖြူဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ကြက်သွန်ဖြူ ၂-၃ ဥ နေ့စဉ်စားပေးခြင်းဟာ ရုတ်တရက် အအေးမိ နှာစေး ဝေဒနာတွေ မဖြစ်ပွားအောင် တားဆီးပေးနိုင်ပါတယ်။ ရာသီဥတုကြောင့် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ အဖျားရောဂါတွေကိုပါ တားဆီးပေးနိုင်ပါတယ်။

၅။ ကြက်သွန်ဖြူမှာ အာဟာရဓာတ်တွေ မြင့်မားစွာ ပါဝင်ပြီး ကယ်လိုရီ နည်းနည်းပဲ ပါဝင်ပါတယ်။ ဗီတာမင်စီနဲ့ ဘီဆစ် ကြွယ်ဝစွာ ပါဝင်တဲ့ အပြင် မက်ကနိနဲ့ တခြား အကျိုးဖြစ်စေမယ့် အာဟာရတွေလည်း များစွာ ပါဝင်ပါတယ်။

Credit: zeenews