အစားတွေ တစ်ဝကြီး စိတ်ကြိုက်စားပြီးခါမှ ကိုယ်အလေးချိန်တက်လာလို့ စိတ်ညစ်နေပြီလား။ အစားလည်း မလျှော့နိုင်၊ ကိုယ်အလေးချိန် အချိုးအစားလည်း ကျချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အစားအစာအတွဲတွေကို နေ့တိုင်း စားသုံးပေးမယ်ဆိုရင် ပင်ပင်ပန်းပန်းကြီး ဝိတ်ချနေစရာမလိုတော့ပါဘူး။

ဟင်းနုနွယ်၊ ပန်းသီးနဲ့ ဂျင်း

ဟင်းနုနွယ်မှာ ကစီဓာတ်နည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် အစာချစနစ်ကို မြန်ဆန်စေပါတယ်။ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ကယ်လစီယမ်ဓာတ်တို့က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

ပန်းသီးမှာတော့ ရေဓာတ် ၈၅ ရာခိုင်နှုန်း ပါဝင်တဲ့အပြင် ကယ်လိုရီဓာတ်လည်း နည်းပါးတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ များစွာ အကူအညီပေးပါတယ်။ ပန်းသီးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဗိုက်မြန်မြန်ပြည့်စေပြီး ခဏခဏ ဗိုက်မဆာအောင် ကူညီပေးပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်မားစေပါတယ်။

ဂျင်းကတော့ အစာချေစနစ်အတွက် အကောင်းမွန်ဆုံးဖြစ်ပြီး ခန္ဓာကိုယ် မအီမသာဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒီသုံးမျိုးကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အကျိုးရလဒ်က အံ့မခန်းပါပဲ။

နာနတ်သီးနဲ့ သံပုရာသီး

နာနတ်သီးမှာ ကယ်လိုရီဓာတ် ပါဝင်မှုနည်းပါးပြီး ရေဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝိတ်ကျချင်သူတွေအတွက် သရေစာအနေနဲ့ စားသုံးပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် အစာချေစနစ်အတွက် ကောင်းမွန်ပါတယ်။

သံပုရာသီးထဲမှာက ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီပေးမယ့် အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ သူ့ရဲ့ Citric အက်စစ်က ခန္ဓာကိုယ်အဆီတွေကို ကောင်းကောင်းလျှော့ချနိုင်ပါတယ်။

ကြက်ဥနဲ့ ထောပတ်သီး

ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် ပရိုတင်းဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ဒီ့အတွက်တော့ မပူပါနဲ့၊ ကြက်ဥက ကူညီပေးပါလိမ့်မယ်။ ကြက်ဥ စားသုံးတဲ့အခါ ကယ်လိုရီဓာတ်လည်း မများဘဲ ဗိုက်ပြည့်စေပြီး စွမ်းအင်ပြည့်စေတာကြောင့် ဝိတ်ကျစေမှာပဲဖြစ်ပါတယ်။

ထောပတ်သီးကလည်း အာဟာရဓာတ်မြင့်မားစွာ ပါဝင်ပြီး တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝနေအောင် ကူညီပေးမယ့်အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးမှာပါ။ ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေတဲ့ သစ်သီးပါပဲ။

ပျားရည်နဲ့ သံပုရာရည်

ပျားရည်နဲ့ သံပုရာရည်အရောအနှောကတော့ ဝိတ်ကျချင်သူတွေအတွက် နံပါတ် (၁) အကောင်းဆုံး ဆေးနည်းတစ်မျိုးပဲဖြစ်ပါတယ်။ သံပုရာသီးရဲ့ အစွမ်းကိုတော့ ဝိတ်ကျချင်သူတွေ သိပြီးသားဖြစ်မှာပါ။ ပျားရည်ထဲမှာကလည်း ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်တာကြောင့် ဒီအစာအတွဲအစပ်လေးက သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Brightside.me