မင်္ဂလာပါ ပျိုမေတို့ရေ… ပျိုမေတို့လည်း ခေါင်းကိုက်တဲ့ဒဏ်ကို ခံစားဖူးလိမ့်မယ်လို့ထင်ပါတယ်။ ခေါင်းကိုက်တဲ့ဝေဒနာက အသက်အန္တရာယ်ကိုတော့ စိုးရိမ်ရလောက်တဲ့ရောဂါမျိုး မဟုတ်ဘူးဆိုပေမယ့်လည်း စိတ်အနှောက်ယှက်တော့ဖြစ်စေတဲ့အရာမျိုးပါ။

ခေါင်းကိုက်နေတဲ့အချိန်မှာ စိတ်တွေလည်းပိုရှုပ်လာပြီး ဘာမှလုပ်ချင်စိတ်မရှိတော့တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဗဟုသုတ တစ်ခုအနေနဲ့ ခေါင်းကိုက်နေတဲ့အချိန်တွေမှာ လုပ်ပေးသင့်တဲ့ နည်းလမ်းလေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရေဓာတ်ပြည့်ဝအောင်နေပေးဖို့လိုပါတယ်

ခေါင်းကိုက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာရေဓာတ်လုံလောက်စွာ မရှိနေတာမျိုးတွေကြောင့်လည်း ဖြစ်တတ်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒါကြောင့် ခေါင်းကိုက်နေတဲ့အချိန်မှာ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုပါအနားပေးပြီး ရေကိုပဲများများသောက်ပေးနေလိုက်ပါ။

အစားမစားပဲနေတာမျိုး

လူတစ်ယောက်က တစ်နေ့တာအတွက် အစားကိုလည်းပုံမှန်စားပေးဖို့က အရေးကြီးပါတယ်။ မနက်စာမစားတာမျိုး၊ နေ့ခင်းစာကိုလည်း အချိန်နောက်ကျပြီးမှစားတာမျိုးတွေက ပုံမှန်မဟုတ်တော့တဲ့ စားသောက်နေထိုင်မှုလို့ဆိုလို့ရပါတယ်။ ဒီလိုမျိုး စားသောက်ချိန်မမှန်တာတွေက ကိုယ်တွင်းမှာရှိတဲ့သွေးလှည့်ပတ်မှုတွေကို ပုံမှန်မဟုတ်စေတော့ပဲ ခေါင်းကိုက်တာမျိုးတွေကို ဖြစ်လာစေတာပဲဖြစ်ပါတယ်။

ကော်ဖီအသောက်များလွန်းတာ

တော်တော်များများကတော့ ကော်ဖီကိုအရမ်းကြိုက်ကြပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်သုံးတတ်သူတွေမှာတော့ ခေါင်းကိုက်တဲ့ဝေဒနာတွေကို ခံစားလာရတတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓာတ်တွေက ခန္ဓာကိုယ်ထဲမှာအရမ်းများလာတဲ့အခါ ကြွက်သားတွေကို ကျုံ့လာစေတာကြောင့် ခေါင်းကိုက်စေဖို့အခွင့်အလမ်းများနေတာပေါ့။

ရေနွေးကြမ်းများများသောက်ပေးပါ

ခေါင်းကိုက်နေတဲ့အချိန်မျိုးမှာ ရေနွေးကြမ်းကိုများများသောက်ပေးဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေနွေးကြမ်းက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုချေဖျက်ပေးနိုင်ပြီး ခေါင်းကိုက်နေတဲ့အချိန်တွေမှာဆိုရင်လည်း ဦးနှောက်ကိုပြန်ပြီးလန်းဆန်းစေတာကြောင့် အချိန်တိုအတွင်းမှာ သက်သာစေမှာပဲဖြစ်ပါတယ်။

စပ်တဲ့အစားစာတွေကို စားသုံးပေးပါ

ခေါင်းကိုက်နေတဲ့အချိန်မှာ စပ်တဲ့အစားစာတွေကို စားပေးရမယ်လို့ ဘယ်သူမှမစဉ်းစားမိတတ်ကြဘူးလေ။ စပ်တဲ့အစားစာတွေကိုစားတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ သွေးကြောတွေပွင့်ထွက်သွားသလိုမျိုး ခံစားရတာကြောင့် ချွေးတွေလည်းထွက်လာပြီး ပေါ့ပါးသွားသလို ခံစားရမှာပဲဖြစ်ပါတယ်။

Photo Source: Getty Images