အားကစားလိုက်စားတယ်ဆိုတာ ကျန်းမာရေးကိုကောင်းစေမယ့် အကျင့်ကောင်းတစ်ခုလို့ဆိုလို့ရပါတယ်။ မနက်ပိုင်းတွေမှာ စောစောထပြီး အပြေးလေ့ကျင့်တဲ့သူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေရှိကြပါတယ်။ သူတို့တွေအတွက် လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန်မှာ အားပြန်ပြည့်စေဖို့စားသုံးပေးသင့်တဲ့ အစားစာတွေကို ဖော်ပြပေးချင်ပါတယ်နော်။

ကြက်ရင်ပုံ

ကြက်ရင်ပုံမှာ ကယ်လိုရီတွေများစွာမပါဝင်တာကြောင့် အားကစားလုပ်ပြီးတဲ့အခါမှာ ပြန်လည်အားပြည့်စေဖို့အတွက် အကောင်းဆုံးအစားစာပါပဲ။ ကြက်ရင်ပုံကို အရသာကြိုက်သလိုထည့်ပြီး စားသုံးနိုင်ပါတယ်။ သင်ဒီနေ့အတွက် ကြက်ရင်ပုံစားတော့မယ်ဆိုရင် သင်လေ့ကျင့်ခန်းသွားမလုပ်ခင်ထဲက ကြက်ရင်ပုံကို အဆင်သင့်စားနိုင်ဖို့အတွက် ပြင်ဆင်သွားရပါမယ်။ ဒါမှ သင်အားကစားလုပ်ပြီး ပြန်လာတဲ့အခါမှာ ပူပူနွေးနွေးနဲ့စားနိုင်မှာဖြစ်ပါတယ်။ မနက်စာဆိုတာက ပိုပြီးအာဟာရဓာတ်တွေကြွယ်ဝနေမှ သင့်ကျန်းမာရေးကိုလည်း ကောင်းစေမှာပါ။ ကြက်ရင်ပုံသားကိုစားမယ်ဆိုရင် ဆန်လုံးညိုနဲ့တွဲစားခြင်းဖြင့် သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီး ရရှိစေပြီး တစ်နေ့တာလုံးအားအင်တွေပြည့်ပြီး ကျန်းမာနေစေမှာပါ။

ဆော်လမွန်ငါး

ပင်လယ်စာကို စားမယ်ဆိုရင် အကောင်းဆုံးနဲ့ အာဟာရအပြည့်ဆုံးကတော့ ဆော်လမွန်ငါးပါပဲ။ အန်တီအော်စီးဒန့်ဓာတ်တွေနဲ့ Omega 3 တွေကြွယ်ဝစွာပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေ လျှင်မြန်စွာပြန်လည်ပြည့်ဝစေနိုင်ပါတယ်။ ဆော်လမွန်ငါးကို ပြုတ်ထားတဲ့အာလူး၊ ကြော်ချက်ထားတဲ့ အသီးအနှံတွေနဲ့ တွဲဖက်ပြီးစားမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ကိုအာဟာရဓာတ်တွေ လျှင်မြန်စွာ ပြန်လည်ပြည့်ဝလာစေပါတယ်။

ငှက်ပျောသီး

ပြေးတဲ့သူတွေအတွက် အားပြန်ကောင်းလာစေဖို့ ငှက်ပျောသီးကလည်း အရေးကြီးစေပါတယ်။ ငှက်ပျောသီးကို အဆီထုတ်ထားတဲ့ နို့နဲ့ ရောဖျော်ပြီး စတော်ဘယ်ရီကြိုက်နှစ်သက်တယ်ဆိုရင်လည်း ရောထည့်ပြီးဖျော်ပေးလို့ရပါတယ်။ ဒီဖျော်ရည်လေးကို အားကစားလုပ်တဲ့အခါမှာယူဆောင်သွားပြီး လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့အခါမှာ သောက်ပေးလို့ရပါတယ်။ ငှက်ပျောသီးမှာလည်း အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် သင့်ရဲ့မနက်စာအနေနဲ့ စားသုံးပေးရင်လည်း ကိုယ်ခံအားစနစ်တွေကို ကောင်းမွန်လာစေမှာ အသေချာပါပဲ။

အသီးအရွက်

အားကစားလုပ်ပြီးတဲ့အချိန်တွေမှာ အသီးအရွက်တွေစားသုံးပေးတာကလည်း သင့်ကို အင်အားတွေပြန်လည် ပြည့်ဝလာစေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ အန်တီအောက်စီးဒန့်ဓာတ်တွေ၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သင့်ရဲ့ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်လာစေပါတယ်။ သင်အားကစားလုပ်ပြီးတဲ့အခါမှာ စားသုံးသင့်တဲ့ဟင်းသီးဟင်းရွက်တွေကတော့ ဟင်းနုနွယ်ရွက်၊ ဆလတ်ရွက်၊ ပန်းကော်ဖီစိမ်း၊ မုန်လာဥနီတို့ပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့မနက်စာကို Sandwich စားချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးတွေ၊ သခွားသီးနဲ့ ကြက်ဥပြုတ်တွေပါ ပါဝင်အောင် စားသုံးပေးသင့်ပါတယ်။

လိမ္မော်ဖျော်ရည်

လိမ္မော်ဖျော်ရည်မှာ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိစေတဲ့အပြင် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ မနက်ခင်းစောစော အားကစားလုပ်ပြီးသွားတဲ့အချိန်တွေမှာ မနက်စာအနေနဲ့ လိမ္မော်ဖျော်ရည်ကိုလည်း ထည့်သွင်းသောက်သုံးပေးမယ်ဆိုရင်တော့ သင့်တစ်နေ့တာလုံးလန်းဆန်းပြီး တက်ကြွနေစေမှာပါ။