ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိလူသားတိုင်းကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးတစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပေါ်တဲ့ COVID-19 အဆုတ်ရောဂါပဲဖြစ်ပါတယ်။ ထိုရောဂါကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ကိုယ်ခံအားကောင်းဖို့လည်း လိုအပ်သလို သင့်ရဲ့အဆုတ်ကို ယခင်ကထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

အသက်ရှူရာမှာ အခက်အခဲမဖြစ်ဖို့၊ အသက်ဝဝလင်လင်ရှူနိုင်ဖို့ရန်အတွက် အဆုတ်အားကောင်းစေတဲ့အစားအစာများကို များများစားသုံးပေးခြင်းအားဖြင့် အဆုတ်ကျန်းမာရေးကောင်းကို ကြိုးစားလိုက်ပါ။

အဆုတ်အားကောင်းဖို့အတွက်

ရေများများသောက်ပါ

သင့်ရဲ့အဆုတ်ကို ရေဓာတ်ဖြည့်ဖို့အတွက် အကျိအချွဲများ စီးဆင်းသွားလာနိုင်ဖို့အတွက် သန့်ရှင်းတဲ့ရေကို များများမသောက်သုံးပေးဖို့လိုအပ်ပါတယ်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ

ကြက်သွန်တွေကတော့ သင့်နှလုံးကျန်းမာရေးအတွက်သာမက အဆုတ်ကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ လေ့လာချက်တစ်ခုအရ ကြက်သွန်ဖြူကို အစိမ်းလိုက်စားတဲ့ ဆေးလိပ်သောက်သုံးသူများက ကြက်သွန်ဖြူမစားတဲ့ ဆေးလိပ်သောက်သုံးသူများထက် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် ကြက်သွန်များ စားသုံးပေးပါက ရောင်ရမ်းခြင်း၊ ကိုလက်စတောပမာဏကို လျှော့ချပေးခြင်းနှင့် ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးခြင်း စတဲ့ ကောင်းကျိုးများ ခံစားရရှိနိုင်ပါတယ်။

ဂျင်း

ဂျင်းကို မှန်မှန်မှီဝဲပါက အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ အတားအဆီးများကို ဖယ်ရှားပေးပြီး အသက်ရှူရာမှာ အခက်အခဲမရှိအောင် ကူညီပေးပြီး အဆုတ်ကျန်းမာရေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်ရဲ့အစွမ်းကတော့ အံ့မခန်းပါပဲ။ သူ့မှာပါဝင်တဲ့ Curcumin ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဆဲလ်များကိုတောင် တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကို လျှော့ချပေးပြီး ရင်ခေါင်းတစ်ဝိုက် တင်းကြပ်မှုကို ပြေလျော့စေကာ အသက်ရှူနှုန်းကို မှန်ကန်စေပါတယ်။ ပန်းနာရင်ကြပ်သမားများအနေနဲ့ကတော့ မှန်မှန်မှီဝဲသင့်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။

ပန်းသီး

ပန်းသီးတစ်လုံးမှာ အဆုတ် ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးတဲ့ Flavonoids ၊ ဗီတာမင် အီးနဲ့ ဗီတာမင် စီတို့ ပါဝင်ပါတယ်။ ပန်းသီးများများစားသုံးသူက အဆုတ်အားကောင်းပြီး ကျန်းမာတဲ့အဆုတ်ကို ပိုင်ဆိုင်နိုင်မှာပါ။

အထက်ဖော်ပြပါအစားအစာများအပြင် ငရုတ်သီးတောင့်၊ Grapefruit ၊ တလည်းသီး၊ ပန်းဂေါ်ဖီအဖြူနှင့် အစိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ အစေ့အဆံများ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ ရွှေဖရုံသီး၊ ငရုတ်ပွ စတဲ့အစားအစာများကို မှန်မှန်စားသုံးပေးခြင်းအားဖြင့်လည်း သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် ပြုလုပ်နိုင်ပါတယ်။

Source: Sunwarrior.com