အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိတဲ့ အနားယူမှုတစ်ခုပဲဖြစ်ပါတယ်။ အိပ်ရေးပျက်ညတွေ များလာခဲ့မယ်၊ အိပ်မပျော်ရောဂါ ရလာခဲ့မယ်ဆိုရင်တော့ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ စိတ်ကျရောဂါတို့ကို ခံစားရနိုင်ပါတယ်။

ညစဉ်ရက်ဆက် အိပ်ပျက်ညတွေ များလာပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို သတိတရနဲ့ စားသုံးပေးလိုက်ပါ။

နွားနို့ နွေးနွေးလေးတစ်ခွက် သောက်သုံးပါ

အိပ်မပျော်ရောဂါကို ကုသပေးနိုင်တဲ့ နွားနို့နွေးနွေးလေးတစ်ခွက်မှာ ကယ်လစီယမ်ဓာတ်၊ ဗီတာမင် ဒီ၊ Melatonin နဲ့ Tryptophan ဓာတ်တို့ ပါဝင်ပါတယ်။ ထိုဓာတ်များက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့အတွက် ကူညီပေးမှာပဲဖြစ်ပါတယ်။

ကီဝီသီး

လေ့လာတွေ့ရှိချက်အရ လူတစ်ယောက်က ညအိပ်ယာဝင်ခါနီး တစ်နာရီအလိုမှာ ကီဝီသီးတစ်လုံး အမြဲတမ်းစားသုံးပေးမယ်ဆိုရင် ၄ ပတ်ကြာတာနဲ့ သူ့ရဲ့အိပ်စက်မှုက တိုးမြှင့်လာမှာပဲဖြစ်ပါတယ်။ အိပ်ယာထဲဝင်တာနဲ့ စက္ကန့်အနည်းငယ်အတွင်း အိပ်ပျော်သွားတာကြောင့် အိပ်ပျော်ဖို့ခက်ခဲတဲ့သူတွေအတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

အဆီဓာတ်ကြွယ်ဝသော ငါးများ

ဗီတာမင်ဒီနဲ့ Omega-3 ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ငါးများက အိပ်စက်မှုစက်ဝန်းကို ကောင်းမွန်စေပြီး အိပ်ပျော်နေစဉ် လန့်နိုးမသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ အာဟာရဓာတ်ပါဝင်မှု တူညီတဲ့ ကြက်သား၊ အမဲသား၊ ဝက်သားတို့ထက် ဆောလမွန်ငါး စားသုံးပေးခြင်းက ပိုပြီးအကျိုးရလဒ်ကောင်းတွေ ရရှိတယ်ဆိုတာကို ခြောက်လကြာတဲ့အခါ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဆလပ်ရွက်

ဆလပ်ရွက်ကို စားပေးရင်

အကြော်စားတဲ့အခါ၊ ကိုရီးယား အသားကင်တွေစားတဲ့အခါ ထုပ်စားလေ့ရှိတဲ့ ဆလပ်ရွက်ကလည်း အိပ်စက်ခြင်းကို တိုးမြှင့်ပေးနိုင်တယ်ဆိုတာ သင် သိပါသလား။ ၂၀၁၇ ခုနှစ်က လေ့လာစမ်းသပ်ချက်အရ ဆလပ်ရွက်က အိပ်စက်ခြင်းကို ကောင်းမွန်စေရုံသာမကဘဲ စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းခြင်းနဲ့ စိတ်မသက်မသာဖြစ်ခြင်းတို့ကိုလည်း ကုသပေးနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ Tryptophan ဓာတ်တို့က လူသားတွေရဲ့ အိပ်စက်မှုကို တိုးမြှင့်ပေးနိုင်တာကြောင့် အိပ်ယာဝင်ခါနီး တစ်နာရီ၊ နှစ်နာရီအလိုခန့်မှာ ငှက်ပျောသီးစားသုံးပေးသင့်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ အစားအစာလေးတွေကို အိပ်ယာဝင်ခါနီး (သို့) နေ့စဉ်မှန်မှန်စားသုံးပေးမယ်ဆိုရင် ညနက်သန်းခေါင်အချိန်ထိ အိပ်လို့မရတဲ့ဒုက္ခကနေ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

Source: medicalnewstoday.com