အာဟာရဖြစ်စေမယ့် အစားအစာတွေဟာ သင့်လျော်တဲ့အချိန်မှာ စားပေးရင် ပိုကောင်းသလို မသင့်လျော်တဲ့အချိန်မျိုးမှာ စားရင်တော့ အန္တာရာယ် ရှိစေတဲ့ အစားအစာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။  အစားအစာတွေကို စားသင့်တဲ့အချိန်မှာ စားခြင်းသည်ဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်လို့ အာဟာရ ပညာရှင် Kavita Devgan က ပြောထားပါတယ်။ ဘယ်အချိန်တွေမှာ ဘယ်လို အစားအစာတွေက စားဖို့ အကောင်းဆုံးလဲဆိုတာ ပြောပြချင်ပါတယ်။ မြန်မာတွေနဲ့ အနီးစပ်ဆုံး စားသောက်တဲ့အစားအစာတွေကိုပဲ ရွေးပြောထားပါတယ်။

၁။ ထမင်း

စားရန် သင့်တော်သော အချိန် – မနက်နဲ့ညတွေမှာ စားဖို့ သင့်တော်ပါတယ်။ ညဘက်တွေမှာ စားရင် အိပ်ပျော်စေဖို့ အကူအညီ ပေးပါတယ်။ ဒါပေမယ့် ညဘက်တွေမှာ အများကြီးတော့ မစားသင့်ပါဘူး။

စားရန် မသင့်တော်သော အချိန် – နေ့လည်ခင်းတွေမှာ စားဖို့ သိပ်ပြီး မသင့်တော်ပါဘူး။ အထူးသဖြင့် ဆီးချိုသမားတွေ အတွက်ပါ။ သကြားဓာတ်ကို ရုတ်တရက် မြင့်တက်သွားစေတဲ့ အတွက် စားတဲ့ အခါ ချိန်ပြီး စားပါ။ နေ့လည်ခင်း စားတဲ့ အတွက် အိပ်ချင်စိတ်ကို ဖြစ်စေရင် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

၂။ သကြား

စားရန် သင့်တော်သော အချိန် – မနက်ပိုင်းပါ။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အယ်ဆူလင်ဓာတ်ဟာ မနက်ပိုင်းမှာ ပိုပြီး ထိရောက်မှု များသလို အစာချေဖျက်မှု အတွက်လည်း ပိုပြီး အထောက်အကူ ပြုပါတယ်။

စားရန် မသင့်တော်သော အချိန် – ညပိုင်းပါ။ ညဘက်တွေမှာ သကြားစားခြင်းက သွေးထဲက သကြားဓာတ် အနေအထားကို အနှောင့်အယှက် ဖြစ်စေပါတယ်။ မြင့်သွားတာပဲ ဖြစ်ဖြစ် အရမ်း နိမ့်သွားတာပဲ ဖြစ်ဖြစ် အိပ်မပျော်ဖြစ်စေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ရှောင်တာ အကောင်းဆုံးပါပဲ။

၃။ ငှက်ပျောသီး

စားရန် သင့်တော်သော အချိန် – နေ့လည်ခင်းတွေမှာ ငှက်ပျောသီးဟာ အစာချေစနစ်ကို အကူအညီပေးပြီး အမျှင်ဓာတ် အမြင့်ဆုံး ရပါတယ်။ လိုအပ်တဲ့ အာဟာရကို ဖြည့်စီးပေးမယ့် အပြင် သွေးထဲက အဆီဓာတ်တွေကိုလည်း စုပ်ယူနိုင်ပါတယ်။

စားရန် မသင့်တော်သော အချိန် – ညဘက်တွေမှာ စားဖို့တော့ သိပ်ပြီး မသင့်တော်ဘူးလို့ ဆိုထားပါတယ်။ အခန့်မသင့်ရင် ဖျားနာစေတတ်တယ်လို့ ဆိုပါတယ်။ တချို့ ဝိတ်ထိန်းသူတွေကတော့ အစာရှောင်ဖို့ အတွက် ညဘက်တွေမှာ ငှက်ပျောသီး စားကြပါတယ်။ ပန်းသီးကို အစားထိုး စားသုံးပေးရင် ပိုကောင်းပါတယ်။

၄။ ပဲ

စားရန် သင့်တော်သော အချိန် – မနက်ပိုင်းနဲ့ နေ့လည်ခင်းတွေမှာ စားပါ။ အစာကြေစေပြီး လေ ပြဿနာကို မဖြစ်စေပါဘူး။

စားရန် မသင့်တော်သော အချိန် – ညဘက်တွေမှာ စားဖို့ မသင့်ပါဘူး။ မြန်မာတွေမှာလည်း ပြောလေ့ရှိပါတယ်။ ညဘက် ပဲ စားတာများရင် လေပွပြီး အစာမကြေ ဖြစ်တတ်တယ် ဆိုတာ ကြားဖူးကြမှာပါ။

၅။ သစ်ကြားသီး

စားရန်သင့်တော်သော အချိန် – ညဘက်တွေမှာ စားဖို့ အကောင်းဆုံး သရေစာပါ။ ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ဟော်မုန်းဓာတ် တစ်မျိုးဟာ ပုံမှန် အိပ်ပျော်စေဖို့ အတွက် အကူအညီ ပေးတယ်လို့ ဆိုပါတယ်။

စားရန် မသင့်တော်သော အချိန် – မစားသင့်တဲ့ အချိန်တွေကတော့ အိုမီဂါ ၃ ၊ antioxidants ၊ ဗီတာမင် အီး အစရှိတာတွေ များများပါတဲ့ အစားအစာတွေ စားထားတဲ့ အချိန်ဆိုရင်တော့ သစ်ကြားသီးကို မစားသင့်ပါဘူး။ မြန်မာလို ဆိုရင်တော့ ” တောက်” တတ်ပါတယ်။ ဓာတ်မတည့်တာကြောင့် အစာမကြေတာတို့ မူးမော်တာတို့ ဖြစ်စေပါမယ်။

၆။ ချိစ်

စားရန် သင့်တော်သော အချိန် – နေ့တစ်နေ့ရဲ့ အစောဆုံး အပိုင်းတွေမှာ စားရင်တော့ အကောင်းဆုံးပါပဲ။ ပရိုတိန်းဓာတ် ကောင်းကောင်း ရစေမှာ ဖြစ်သလို ကယ်စီယမ်ကိုလည်း ရစေပါတယ်။

စားရန် မသင့်တော်သော အချိန် – ညနေပိုင်းတွေမှာပါ။ အစာကြေဖို့ ခက်ခဲသလို ဝိတ်လျှော့နေသူတွေ အတွက်တော့ လုံး၀ ရှောင်ပါ။ ညနေပိုင်းတွေ စားရင် ဝိတ် တက်လာတတ်ပါတယ်။

၇။ နို့

စားရန် သင့်တော်သော အချိန် – သူ့မှာတော့ ဘယ်အချိန်က မကောင်းဘူးလို့ မဆိုပါဘူး။ ဘယ်အချိန်မှာ ဖြစ်ဖြစ် သောက်ဖို့ သင့်တော်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ ညဘက်ပါ။ ကောင်းကောင်း အိပ်ပျော်စေပြီး အိပ်ပျော်နေစဉ်မှာလည်း ဦးနှောက်ကို အကောင်းဆုံး ပံ့ပိုးပေးတယ်လို့ ဆိုပါတယ်။

၈။ ကော်ဖီ

စားရန် သင့်တော်သော အချိန် – မနက်နဲ့ နေ့လည်တွေမှာ ကောင်းပါတယ်။ ကဖင်းဓာတ်ဟာ အိပ်ငိုက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။
စားရန် မသင့်တော်သော အချိန် – ကဖင်းဓာတ် ကြွယ်ဝတာကြောင့် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ကို နည်းသွားစေပြီး အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးပါလိမ့်မယ်။

Photo Credit: yelp