လူသားတစ်ယောက်အတွက် ကိုယ်တွင်းအလေးချိန်ဟာ ပျမ်းမျှ ၉၈ ဒဿမ ၆ ဒီဂရီဖြစ်ပြီး ရာသီဥတုပေါ် မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်၊အကျ အနည်းငယ် ပြောင်းလဲတတ်ပါတယ်။

ကိုယ်အတွင်းအပူများတာကို ဆေးပညာလောကမှာ “Heat Stress” လို့ခေါ်ကြပြီး ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလို အေးသွားတာမျိုး မရှိတတ်ပါဘူး။

လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ- နှုတ်ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင်တယ်လို့ လေ့လာချက်အရ သိရပါတယ်။

ရေခဲရေများ၊ ရေနွေး၊စွပ်ပြုတ်စတဲ့ အရည်ပူပူများ၊ နေပူပူထဲ အချိန်အကြာကြီး သွားခြင်း၊ ငရုတ်သီး၊ ဂျင်း၊မျှစ်ချဉ်၊ငရုတ်ကောင်း၊ပတဲကောစတဲ့ ပူပူလောင်လောင် အစပ်တွေစားခြင်း၊ ရေသောက်နည်းခြင်းတို့က ကိုယ်တွင်း အပူရှိန် မြင့်တက်လာစေလို့ (အထူး)ရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အပူငြိမ်းစေဖို့အတွက် အဓိကဆေးကတော့ ရေဝဝသောက်၍ တစ်နေ့ကို ရေနှစ်ကြိမ်ချိုးပေးခြင်းပါပဲ။

မိုးရာသီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့စဉ်စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်။

(၁) ဖရဲသီး

လူ့ခန္ဓာကိုယ်ရဲ့ ၃ ပုံ ၂ ပုံကို အရည်ဓာတ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။

(၂) သခွားသီး

သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာ ပါရှိလို့ ခန္ဓာကိုယ်ကို ထိထိရောက်ရောက်အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေကို နေ့စဉ်စားပေးသင့်ပါတယ်။

(၃) ပူစီနံရွက်

ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊အိန္ဒိယ၊ဗီယက်နမ်၊မကာအိုစတဲ့ အာရှတိုက်တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ်လာခဲ့ကြပါတယ်။

(၄) မုန်လာဥဖြူ

အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင် ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ဒါကြောင့် heat stress ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူတွေကို စားဖြစ်အောင်စားပေးပါ။

(၅) နှမ်း

နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါး တစ်မျိုးဖြစ်တာကြောင့် နှမ်းစားရင်း ရေများများသောက်ပါ။ နှမ်းပျစ်၊နှမ်းယိုလေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ ပေးပါတယ်။

(၆) စမုံစပါး

စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တစ်ညအိပ်စိမ်ထားပြီး နံနက် အိပ်ယာထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင် ဝါးစားပေးပါ။ တစ်နေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေပါတယ်။

(၆) အုန်းစိမ်းရေ

အုန်းသီးစိမ်းနုနုမှရတဲ့ အုန်းစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်း အပူငြိမ်းစေတဲ့ ဆေးကောင်းတစ်လက်ဖြစ်တာမို့ ကိုယ်တွင်းအပူဓာတ်များသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း မှလည်း ကာကွယ်ပေးပါတယ်။

Credit: တင်ထက်ထက်ဇော် (ကြေးမုံ)