အာခံတွင်းအတွက် အရေးအကြီးဆုံးအရာတစ်ခုကတော့ သွားဖုံးပဲဖြစ်ပါတယ်။ သွားဖုံးက သွားများကို ကာကွယ်ပေးဖို့နဲ့ အာခံတွင်းထဲမှာ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးဖို့အတွက် တာဝန်ယူထားကြပါတယ်။ လူတိုင်းက သွားကျန်းမာရေးအတွက် နေ့စဉ်သွားတိုက်ပြီး သွားများ ကြံ့ခိုင်ဖို့ ဂရုစိုက်ကြပေမယ့် သွားဖုံးကို ဂရုစိုက်ပေးဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။

ဒါ့ကြောင့် အစားလည်း စားရင်း သွားဖုံးများကိုလည်း ဂရုစိုက်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကတော့ သွားဖုံးကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအစာများ စားသုံးပေးခြင်းပဲဖြစ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက အာခံတွင်းထဲရှိ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးတဲ့နေရာမှာ အစွမ်းထက်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

အသားညှပ်ပေါင်မုန့်၊ ဟမ်ဘာဂါ၊ အသုပ် စတဲ့ အစားအစာများ လုပ်စားတဲ့အခါ ကြက်သွန်နီကို ထည့်သွင်းစားသုံးပေးလိုက်ပါ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ကိုက်လန်၊ ဟင်းနုနွယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များက သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ပါဝင်ပါတယ်။ ထိုအစိမ်းရောင် ဟင်းသီးဟင်းရွက်များမှာ အမျှင်ဓာတ်မြင့်မားစွာပါဝင်ပြီး ကြာကြာဝါးစားရတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ကြာကြာဝါးစားခြင်းက တံတွေးပိုထွက်စေပြီး ထိုတံတွေးက ဘက်တီးရီးယားများ၊ အစာ အကြွင်းအကျန်များနဲ့ သွားချေးများကို ဖယ်ရှားပေးနိုင်ပါတယ်။

ငရုတ်သီးနှင့် အချဉ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ

လိမ္မော်သီး၊ ကီဝီသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး စတဲ့ အချဉ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများနဲ့ ငရုတ်သီးတို့မှာ ဗီတာမင်စီဓာတ်များ မြင့်မားစွာပါဝင်ပါတယ်။ ထိုအစားအစာများကို စားသုံးပေးခြင်း၊ သစ်သီးဖျော်ရည် ဖျော်သောက်ခြင်းတို့ ပြုလုပ်ပါက သွားဖုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

တရုတ်နံနံ၊ ပန်းသီးနှင့် မုန်လာဥနီ

ဝါးစားလိုက်တာနဲ့ ကြွပ်ကြွပ်မြည်တဲ့အစားအစာတွေက သွားမှာ ကပ်ညှိနေတဲ့ သွားချေးများ၊ သွားကြားထဲမှာ ကပ်ကျန်နေတဲ့ အစားအကြွင်းအကျန်များကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ထိုအစားအစာများက ခံတွင်းအနံ့အသက်ဆိုးများကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

ထိုအစားအစာတွေကို ကြာကြာဝါးစားရခြင်းကြောင့် တံတွေးအထွက်များပြီး အာခံတွင်းထဲရှိ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားကြပါသေးတယ်။

နွားနို့၊ ဒိန်ချဉ်နှင့် ချိစ်

နို့နှင့် နို့ထွက်ပစ္စည်းများက အရိုးများ ကျန်းမာကြံ့ခိုင်နေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်နဲ့ သတ္တုဓာတ်များ ပါဝင်တာကြောင့် သင့်ရဲ့သွားဖုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ Casein လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးက အာခံတွင်းထဲရှိ ဘက်တီးရီးယားများကြောင့် ထွက်ရှိနေတဲ့ အက်ဆစ်ဓာတ်များကို ဓာတ်ပြယ်စေပါတယ်။

ဘက်တီးရီးယားများ ထုတ်လွှတ်တဲ့ အက်ဆစ်ဓာတ်က သွားကြွေလွှာနှင့် သွားဖုံးတစ်သျှူးများကို ပျက်စီးထိခိုက်စေပါတယ်။ ဒါ့ကြောင့် သွားများ ကျန်းမာကြံ့ခိုင်စေချင်တယ်ဆိုရင်တော့ ကယ်လ်စီယမ်နှင့် သတ္တုဓာတ် ကြွယ်ဝတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို နေ့စဉ် မှန်မှန် စားသုံးပေးလိုက်ပါ။

Source: 123dentist.com