ကျွန်မတို့က အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ချိုချဉ် နဲ့ ပေါင်မုန့် စသည့် အစားအစာတွေကို ရေခဲသေတ္တာထဲမှာဘဲ သိမ်းဆည်းလေ့ရှိပါတယ်။

တချို့ဆိုရင် အချဉ်ရည်၊ ငါးသေတ္တာနဲ့ Marinades တို့ကိုလည်း ရေခဲသေတ္တာထဲမှာဘဲ သိမ်းလေ့ရှိပါတယ်။ အဲ့လို အစားအစာများကို ရေခဲသေတ္တာထဲ သိမ်းထားရင် ပိုပြီး ကြာရှည်ခံပေမယ့် အစားအစာတွေမှာ အန္တရာယ်ရှိနိုင်ပါတယ်။

နေရောင်မကျတဲ့ ကြောင်အိမ်ထဲမှာဘဲ သိမ်းထားသင့်တဲ့ အစားအစာများ

ပေါင်မုန့်

ပေါင်မုန့်ကို အရသာရှိရှိနဲ့ အကောင်းဆုံး သိမ်းဆည်းတဲ့ နည်းလမ်းကတော့ သေချာပိတ်လို့ရတဲ့ ဗူးတစ်ခုထဲထည့်ပြီး ကြောင်အိမ်ထဲ သိမ်းတာဖြစ်ပါတယ်။ မသိမ်းခင်တော့ ပေါင်မုန့်ပေါ်ကို ဆားနည်းနည်း ဖြူးပေးလိုက်ရင် မှိုအလွယ်တကူ တက်မှုကနေ ကာကွယ်ပေးပါတယ်။

ပလပ်စတစ်အိတ်နဲ့ ပေါင်မုန့်ကို ထားမယ်ဆိုရင် ပေါင်မုန့်အသားက ပျော့ပြောင်းနေပေမယ့် မှိုတက်လွယ်ပါလိမ့်မယ်။

ရေခဲသေတ္တာထဲမှာထည့်သိမ်းရင်လည်း အရည်ဓာတ်က အငွေ့ပြန်တာ ပိုမြန်သွားပြီး ပေါင်မုန့်က ခြောက်ကပ်ကပ်ကြီးနဲ့အရသာ မရှိတော့ပါဘူး။

ဒါပေမယ့် အချိန်အကြာကြီး ကြာရှည်ခံဖို့လိုတယ်ဆိုရင်တော့ Freezer ထဲထည့်ထားပါ။ ၄ လကနေ ၆ လအထိ ခံပါတယ်။

ချောကလက်

ချောကလက်ကတော့ အေးပြီး မှောင်မဲတဲ့နေရာမှာ သိမ်းတာ အကောင်းဆုံးပါဘဲ။ ဒါပေမယ့် ရေခဲသေတ္တာထဲတော့ မထည့်သင့်ပါဘူး။ အပူချိန်ကွာခြားမှုက ချောကလက် အပေါ်ယံက အရည်ဓာတ်တွေကို အဖြူရောင်အဖက်တွေအဖြစ်ပြောင်းသွားတာကြောင့် ကြည့်ရတာ မလှတော့ပါဘူး။ ဒါပေမယ့် အရသာကိုတော့ မထိခိုက်ပါဘူး။

ပျားရည်

ပျားရည်မှာတော့ သက်တမ်းဆိုတာမျိုး မရှိပါဘူး။ သေချာထားရင် တသက်လုံး အထားခံပါတယ်။ ဒါကြောင့် သေချာ သိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။ ပျားရည်ကို အေးပြီး မှောင်တဲ့နေရာမှာဘဲ သိမ်းဆည်းထားသင့်ပါတယ်။