ကျွန်ုပ်တို့တွေဟာ အစားအစာများကို ပိုပြီးတာရှည်ခံအောင်ဆိုပြီး ရေခဲသေတ္တာထဲ ထည့်ပြီး သိုလှောင်သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါပေမဲ့ အစားအစာတိုင်းကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားဖို့တော့ မလိုအပ်ပါဘူး။

ရေခဲသေတ္တာရဲ့ အေးတဲ့အပူချိန်ကြောင့် အစားအစာတွေရဲ့အရသာနဲ့ အာဟာရဓာတ်များ ပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် အအေးမကြိုက်တဲ့ အစားအစာများ တစ်နည်းအားဖြင့်ပြောရရင် ရေခဲသေတ္တာထဲ ထည့်မသိမ်းထားသင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ရပါတယ်။

ဟင်းသီးဟင်းရွက်များ

မုန်လာဥနီနဲ့ သကြားမုန်လာတို့ကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့အခါ ထိုဟင်းရွက်များက နွမ်းဖတ်သွားပြီး ပုပ်သွားတတ်ပါတယ်။

ခရမ်းချဉ်သီးကိုလည်း ရေခဲသေတ္တာထဲ ထည့်တဲ့အခါ သူ့ရဲ့အရည်ရွှမ်းမှုနှုန်းက နည်းသွားပြီး အရသာလည်း ပျောက်ဆုံးသွားတတ်ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဟာလည်း စိုထိုင်းဆများတဲ့အခါ ပုပ်သွားတတ်ပါတယ်။

အာလူးကို ရေခဲသေတ္တာထဲ ထည့်မယ်ဆိုရင် အာလူးရဲ့ကစီဓာတ်က သကြားဓာတ်အဖြစ်ပြောင်းလဲသွားပြီး သူ့ရဲ့အမျှင်ဓာတ်ကလည်း ပျက်စီးသွားတတ်ပါတယ်။

သစ်သီးဝလံများ

ငှက်ပျောသီးအစိမ်းကို ဝယ်လာတယ်ဆိုရင် ရေခဲသေတ္တာထဲ မထည့်ပါနဲ့။ ငှက်ပျောသီးမှည့်ကိုလည်း ရေခဲသေတ္တာထဲ ထည့်တဲ့အခါ ညိုမဲသွားတတ်ပါတယ်။

မက်မွန်သီး၊ ကီဝီသီး၊ တရုတ်ဆီသီး၊ သရက်သီး၊ သလဲသီး၊ တည်သီး၊ အချဉ်ဓာတ်ကြွယ်ဝသော အသီးများ စတဲ့ သစ်သီးဝလံများကိုလည်း ရေခဲသေတ္တာထဲ ထည့်မယ့်အစား စက္ကူအိတ်ထဲ ထည့်သိမ်းထားပေးလိုက်ပါ။

အချိုစာများ

ချောကလက်၊ ပျားရည်၊ မြေပဲထောပတ်တို့ကိုလည်း ရေခဲသေတ္တာထဲ ထည့်မသိမ်းထားပါနဲ့၊ ချောကလက်ကိုတော့ အေးပြီးမှောင်တဲ့နေရာမှာ သိမ်းထားသင့်ပြီး ပျားရည်ကိုတော့ ဖန်ပုလင်းထဲထည့်ကာ လုံလောင်ပိတ်လှောင်ထားပြီး မှောင်တဲ့နေရာမှာပဲ သိမ်းထားပါ။ မြေပဲထောပတ်ကိုတော့ ကြောင်အိမ်ထဲ ထည့်သိမ်းထားတာက အသင့်တော်ဆုံးပါပဲ။

ပေါင်မုန့်များနှင့် ကိတ်မုန့်များ

ပေါင်မုန့်တွေ ကိတ်မုန့်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင် သူတို့ရဲ့အရသာက ပျက်ယွင်းသွားတတ်ပြီး မှိုတက်မြန်ပါတယ်။ ဒါ့ကြောင့် အခန်းအပူချိန်ထဲမှာပဲ ပေါင်မုန့်အိတ်ထဲ ထည့်သိမ်းထားပေးလိုက်ပါ။

အချဉ်ရည်၊ ဟင်းခပ်မှုန့်နှင့် ဆော့စ်ပုလင်းများ

ရှာလကာရည်ပုလင်း၊ ဆော့စ်ပုလင်းများ၊ Ketchup ပုလင်းများကို ရေခဲသေတ္တာထဲ ထည့်သိမ်းခြင်းထက်စာရင် အပြင်မှာပဲ ထား ထားမယ်ဆိုရင် ပိုကြာရှည်ခံပြီး ပိုမိုလတ်ဆတ်ပါတယ်။

Source: Brightside.me