အဝလွန်ရောဂါမဖြစ်အောင် ကာကွယ်လို့ရတဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အဲ့ဒီအများကြီးထဲကမှ အရေးအကြီးဆုံးကတော့ အစားအသောက်ကို ပြောင်းလဲဆင်ခြင်ဖို့ပါပဲ။ အားကစားတွေလုပ်နေပြီး အစားအသောက်မဆင်ခြင်ရင်လည်း အလကားပါပဲ။ ဒါကြောင့် အဝလွန်ရောဂါမဖြစ်အောင် ရှောင်ရမယ့်အစားအစာတွေနဲ့ စားပေးရမယ့် အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

အဝလွန်ရောဂါမဖြစ်အောင် ရှောင်ရမယ့်အစားအစာတွေကတော့ ဆီကြော်မုန့်တွေပါ။ တော်တော်များများက အာလူးကြော်ဆို သိပ်ကြိုက်ကြပါတယ်။ အဝလွန်ရောဂါမဖြစ်အောင် ရှောင်ရမယ့်ထဲမှာ ထိပ်ဆုံးကပါနေတာ အာလူးကြော်ပါပဲ။ ဒါကြောင့် ဆီကြော်မုန့်တွေအားလုံးကို ရှောင်ပေးဖို့လိုပါတယ်။ ပြည့်ဝဆီတွေဖြစ်တဲ့ ဝက်ဆီဈ အမဲဆီနဲ့ စားအုန်းဆီကိုလည်း ရှောင်ပေးရပါတယ်။ ဒါ့အပြင် ဝက်သားကိုလည်း ရှောင်ရပါမယ်။

သရေစာတွေဖြစ်တဲ့ အချိုရည်နဲ့ အချိုမုန့်တွေကိုလည်း ရှောင်ပေးဖို့လိုပါတယ်။ ဆန်နဲ့လုပ်ထားတဲ့မုန့်တွေနဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ ပေါင်မုန့်တို့ကိုလည်း လျော့စားပေးရပါမယ်။ ဒီအစားအစာတွေက အရမ်းဝိတ်တက်စေပါတယ်။ ဒါကြောင့် အဝလွန်ရောဂါမဖြစ်အောင် ရှောင်မယ်ဆိုရင် ဒါတွေကိုရှောင်မှဖြစ်မှာပါ။ ညနေစာစားတာနဲ့ အိပ်ခါနီးမှ အစာစားတာကိုလည်း အထူးရှောင်ကြဉ်ပေးပါ။

အဝလွန်ရောဂါမဖြစ်အောင် စားပေးရမယ့်အစားအစာတွေကတော့ မပြည့်ဝဆီတွေဖြစ်တဲ့ နှမ်းဆီ၊ နေကြာဆီနဲ့ သံလွင်ဆီတို့ကို စားပေးလို့ရပါတယ်။ အိုမီဂါ ၃ ပါဝင်တဲ့ ငါးကြင်း၊ ငါးမြင်းနဲ့ ငါးတန်တို့ကိုလည်း စားပေးရပါမယ်။ ကြော်မစားပဲ ပြုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် လုပ်စားပါ။ ပဲမျိုးစုံနဲ့ အစိမ်းရောင်အသီးအရွက်တွေကို များများစားပေးပါ။ ထမင်းနည်းနည်းစားပြီး ဟင်းသီးဟင်းရွက်ကို များများစားပေးပါ။

သရေနဲ့အနေနဲ့ အခွံမာအစေ့အဆံတွေဖြစ်တဲ့ နေကြာစေ့၊ ဖရုံစေ့၊ ဗာဒံစေ့နဲ သစ်ကြားစေ့တို့ကို စားပေးလို့ရပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့သစ်သီးတွေကို များများစားပေးပါ။ ဥပမာ – သံပုရာသီး၊ ရှောက်သီး၊ ကျွဲကောသီးနဲ့ နာနတ်သီးတို့ကို နေ့တိုင်းစားပေးရင် ပိုကောင်းပါတယ်။ ကိုယ်တိုင်ဖျော်ပြီး လတ်ဆတ်တဲ့ သဘာဝသစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။ နံနက်စာကို များများစားပြီး နေ့လည်စာကို ပုံမှန်စားပေးရပါမယ်။ ညစာကိုတော့ လျော့စားရပါမယ်။ မစားပဲနေမယ်ဆိုရင်တော့ သစ်သီးတွေကို စားပေးလို့ရပါတယ်။

ဒီနည်းလမ်းတွေကိုသာ စနစ်တကျနဲ့လိုက်နာမယ်ဆိုရင် အဝလွန်ရောဂါလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုလာတဲ့အခါမှာလည်း ဒီစားသောက်ပုံလေးတွေကို လိုက်လုပ်လို့ရပါတယ်။

Photo Source: www.pexels.com