ကော်ဖီဆိုရင် မျက်လုံးထဲ မြင်ယောင်လာမိတာက အညိုရောင် အစေ့လေးတွေနဲ့ ထိုအစေ့လေးတွေကနေ ကြိတ်ချေထားတဲ့ အညိုရောင် အမှုန့်လေးတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အညိုရောင်ကော်ဖီလေးတွေအကြောင်း မဟုတ်ဘဲ အစိမ်းရောင် ကော်ဖီအကြောင်းကို ပြောပြပေးချင်ပါတယ်။

အစိမ်းရောင်ကော်ဖီစေ့လေးတွေက ပဲလုံးစေ့လေးတွေနဲ့ တူပါတယ်။ သူ့ရဲ့အမှုန့်ကို ရအောင်ယူချင်တယ်ဆိုရင်တော့ ကော်ဖီစေ့လိုပဲ ကြိတ်ချေပေးရမှာပါ။ ကော်ဖီစိမ်းက ရိုးရိုးကော်ဖီထက်စာရင် ကာဖိန်းဓာတ် နည်းပါးစွာပါဝင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ထူးခြားချက်တစ်ခုက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဝိတ်ကျချင်သူတွေကြားမှာ ရေပန်းစားနေတဲ့ ကော်ဖီတစ်မျိုးပဲဖြစ်ပါတယ်။

ဝိတ်ကျချင်လို့ ကော်ဖီစိမ်းသောက်ချင်တယ်ဆိုရင် အရင်ဆုံး ကော်ဖီစေ့လေးတွေကို ရအောင် ဝယ်ရပါမယ်။ ဒီမှာကတော့ ကော်ဖီစိမ်းသောက်သူ ရှားတဲ့အတွက်ကြောင့် ဝယ်ရတာတော့ ခက်ခဲပါလိမ့်မယ်။ ကော်ဖီစေ့တွေ ရလာပြီဆိုရင် အမှုန့်လေးတွေရအောင် ကြိတ်ချေပေးလိုက်ပါ။ ကော်ဖီဖျော်တဲ့အခါမှာတော့ သကြားနဲ့ တခြားအချိုအစားအစာများ မထည့်ပါနဲ့။ ဝိတ်ကျနေအောင် ကြိုးစားနေတဲ့အချိန်မှာ သကြားနဲ့ ကယ်လိုရီများနဲ့ အစားအစာတွေကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

ကော်ဖီကို သူ့ချည်းပဲ မသောက်ချင်ဘူးဆိုရင် အခုဖော်ပြပေးမယ့် ပါဝင်ပစ္စည်းတွေနဲ့ ရောနှောပြီး ဖျော်သောက်ပေးနိုင်ပါတယ်။

ပင်စိမ်းရွက်နဲ့ ဖျော်သောက်ချင်တယ်ဆိုရင် ကော်ဖီဖျော်ပြီးတာနဲ့ ပင်စိမ်းရွက်များကို ကော်ဖီထဲမှာ ၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်သွားပြီဆိုရင်တော့ အဆင်သင့်သောက်သုံးနိုင်ပါပြီ။ ပင်စိမ်းရွက်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ဝိတ်ကျအောင် ကူညီပေးပါလိမ့်မယ်။

သစ်ကြမ်းပိုးခေါက်နဲ့ ဖျော်သောက်ချင်တယ်ဆိုရင် တစ်လက်မအရွယ်အစားရှိတဲ့ သစ်ကြမ်းပိုးခေါက်ကို ရေတစ်ဖန်ခွက်ထဲသို့ တစ်ညခန့် စိမ်ထားပေးလိုက်ပါ။ ကော်ဖီဖျော်သောက်မယ်ဆိုရင် သစ်ကြမ်းပိုးခေါက် စိမ်ထားတဲ့ရေကို အသုံးပြုပြီး ဖျော်သောက်ပေးနိုင်ပါတယ်။

ကော်ဖီစိမ်းကို ဂျင်းနဲ့လည်း ဖျော်သောက်ပေးနိုင်ပါသေးတယ်။ ကော်ဖီဖျော်ပြီးတဲ့အခါ ထောင်းထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ကို ကော်ဖီထဲမှာ ၅ မိနစ်ခန့် စိမ်ထားရပါမယ်။ အချိန်ပြည့်ပြီဆိုရင်တော့ ဂျင်းတုံးများကို စစ်ထုတ်ပြီး သောက်သုံးနိုင်ပါတယ်။

ကော်ဖီစိမ်းကို ဘယ်အချိန်တွေမှာ သောက်သုံးသင့်သလဲ

မနက် အိပ်ရာနိုးနိုးချင်း၊ လေ့ကျင့်ခန်းမပြုလုပ်ခင် (သို့မဟုတ်) ပြုလုပ်ပြီးချိန်မှာ သောက်သုံးနိုင်ပါတယ်။ မနက်စာနဲ့လည်း တွဲဖက်သောက်သုံးနိုင်သလို နေ့လည်စာ စားပြီးချိန်မှာလည်း သောက်သုံးနိုင်ပါသေးတယ်။ ဒါမှမဟုတ် ညနေစောင်းအချိန်မှာလည်း သောက်သုံးနိုင်ပါတယ်။

ကော်ဖီစိမ်း သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို လောင်ကျွမ်းပေးပြီး ဝိတ်ကျစေခြင်း၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကာ တစ်နေ့တာလုံးရွှင်လန်းတက်ကြွစေခြင်း၊ အစား အလွန်အကျွံစားချင်စိတ်ကို ထိန်းချုပ်ပေးခြင်းတို့ပဲဖြစ်ပါတယ်။

Source: Stylecraze.com