ဘယ်လိုနေရာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အနံ့အသက်မကောင်းတဲ့အခါ နေရထိုင်ရတာလည်း ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် မီးဖိုချောင်ထဲ နေ့တိုင်းဝင်နေရတဲ့ အိမ်ရှင်မများပါပဲ။

မိသားစုစားဖို့သောက်ဖို့အတွက် မဖြစ်မနေ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ရပါမယ်ဆိုကာမှ အထားအသိုမှားလို့ဖြစ်ဖြစ် အကြောင်းတစ်မျိုးမျိုးကြောင့် တစ်နေရာရာက အနံ့ဆိုးထွက်နေပြီဆိုရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။

ဒါကြောင့် ကိုယ်နေ့တိုင်းဝင်နေရတဲ့ မီးဖိုချောင်ထဲမှာ အနံ့အသက်ဆိုးတွေမရှိရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို သိထားသင့်ပါတယ်။

၁။ ကြက်သွန်ဖြူနံ့

အစားအသောက်ထဲမှာ ကြက်သွန်ဖြူပါသွားလို့ ပါးစပ်ထဲမှာ ကြက်သွန်ဖြူနံ့စွဲကျန်နေမှာကို စိုးရိမ်နေရပါသလား။ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပူစီနံအရွက်အနည်းငယ်ကို ဝါးစားပေးလိုက်ပါ။ ကြက်သွန်ဖြူနံ့ပျောက်ကင်းသွားပါလိမ့်မယ်။

၂။ ဟင်းချက်အနံ့တွေ

မီးဖိုချောင်ထဲမှာ ဟင်းချက်ပါတယ်ဆိုမှတော့ ထမင်းဟင်းအနံ့တွေ သင်းနေတာက လူအများစုအတွက်တော့ ပြဿနာမဟုတ်ပေမယ့် တချို့သူတွေအတွက်ကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဟင်းချက်ပြီးလို့ မီးဖိုချောင်ထဲမှာ အနံ့တွေစွဲကျန်မနေအောင် လိမ္မော်ခွံတွေကို အပူငွေ့ငွေ့လေးကျန်နေတဲ့ မီးဖိုပေါ်တင်ထားပေးလိုက်ပါ။ လိမ္မော်နံ့လေး သင်းပျံ့နေပါလိမ့်မယ်။

၃။ လက်မှ ငါးညှီနံ့တွေ

အသားဟင်းချက်တဲ့ရက်မဟုတ်ဘဲ ငါးဟင်းလေးပြောင်းချက်တဲ့နေ့ကျရင် ငါးကိုင်ပြီးလို့ လက်မှာစွဲကျန်နေတဲ့ ငါးညှီနံ့က ဘယ်လောက်ပဲ ဆေးဆေး ပြောင်မသွားပါဘူး။ ဒါပေမယ့် ဒီလိုခက်ခဲတဲ့အခြေအနေအတွက် လွယ်ကူတဲ့ ဖြေရှင်းချက်ရှိနေပါတယ်။ ငါးညှီနံ့စွဲနေတဲ့ လက်ကို ဘေစင်၊ သံဇလုံတွေနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ငါးညှီနံ့တွေပျောက်သွားပါလိမ့်မယ်။

၄။ အစားအသောက်ထည့်တဲ့ဘူးတွေ

ကော်ဘူးတွေထဲမှာ ဟင်းတွေထည့်ပြီးလို့ ဘယ်လောက်ပဲပြန်ဆေးဆေး အနံ့တွေပျောက်မသွားဘူးဆိုရင် ကော်ဘူးထဲကို ရေနွေးထည့်ပြီး မုန့်ဖုတ်ဆိုဒါ သုံးဇွန်းလောက်ထည့်ပေးလိုက်ပါ။ တစ်ညထားပေးလိုက်ပြီးတော့ နောက်တစ်နေ့မနက်မှာ ဆေးကြောပေးလိုက်ပါ။ အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။

၅။ ရေခဲသေတ္တာ

ရေခဲသေတ္တာထဲကနေ အနံ့ဆိုးတွေထွက်နေပါသလား။ ပထမဦးဆုံးလုပ်ရမှာကတော့ ရေခဲသေတ္တာထဲက ဒိတ်လွန်နေတာတွေ၊ မကောင်းတော့တာတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး ထိုနေရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဖြန်းပေးလိုက်ပါ။ ပြီးရင် မိုက်ခရိုဖိုက်ဘာအဝတ်နဲ့သုတ်ပေးလိုက်ပါ။ ရေခဲသေတ္တာထဲက အနံ့တွေပျောက်ကင်းသွားပြီး ယခင်ထက်လည်း ပိုပြီးသန့်ရှင်းတောက်ပြောင်သွားမှာပါ။

၆။ ခြစ်

အခြားမီးဖိုချောင်သုံးပစ္စည်းတွေ မဆိုထားနှင့် ခြစ်တောင်မှ အနံ့ဆိုးထွက်နေတယ်ဆိုပါက မီးကင်ထားတဲ့ ပေါင်မုန့်တစ်ခြပ် နှစ်ခြပ်လောက်ယူပြီးတော့ ခြစ်နဲ့ခြစ်လိုက်ပါ။

၇။ စဉ့်နှီတုံး

ပလတ်စတစ် စဉ့်နှီတုံးတွေဟာ သုံးစွဲရလွယ်ကူသလောက် အနံ့တွေစွဲတာလည်း လွယ်ကူပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မီးဖိုချောင်ထဲက ပလတ်စတစ် စဉ့်နှီတုံးကို ပြန်ပြီးသန့်ရှင်းချင်ပါက ဦးစွာအနေနဲ့ ဆပ်ပြာရည်လေးဝေ့နေတဲ့ ရေနွေးနွေးလေးနဲ့ အရင်ဆေးပေးလိုက်ပါ။ ထို့နောက် သံပုယိုသီး (လီမွန်) ကို အလယ်ကထက်ခြမ်းခြမ်းကာ စဉ့်နှီတုံးမှာ လိုက်ပွတ်ပေးလိုက်ပါ။

၈။ ပန်းကန်ဆေးဖော့တုံးများ

ဟင်းခွက်ပန်းကန်တွေဆေးကြောတဲ့ ဖော့တုံးတွေလည်း အနံ့အသက်မကောင်းတော့ဘူးဆိုပါက မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ထားတဲ့ ရေနွေးနွေးထဲမှာ တစ်ညစိမ်ထားလိုက်ပါ။ စွဲနေသမျှ အနံ့တွေအားလုံးကို စုပ်ယူသွားပါလိမ့်မယ်။

Source: www.onegoodthingbyjillee.com