အားလုံးပဲ မင်္ဂလာပါ။ ဈေးဝယ်ထွက်ရင်းနဲ့ အသီးအနှံလေးတွေ လတ်ဆတ်တာတွေ့လို့ များများဝယ်လာခဲ့ပြီးကာမှ အခြေအနေမပေးလို့ မစားဘဲ ဒီအတိုင်းထားမိတဲ့အချိန်တွေကို ကြုံဖူးကြမှာပါ။

အခုတစ်ခါမှာတော့ လူအများစု ကြိုက်နှစ်သက်ကြတဲ့ စတော်ဘယ်ရီသီးလေးတွေကို အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ်ဖြစ်နေအောင် သိမ်းဆည်းနိုင်မယ့် နည်းလမ်းကောင်းလေးပါပဲ။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီး (တင်းတင်းမှည့်မှည့်) – ၁ ကီလို

သံပုယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့တစ်ဝက်

သကြား – ခွက် လေးပုံတစ်ပုံ

ပုလင်း (အလယ်အလတ်) – ၃-၄ ပုလင်း

ပြင်ဆင်ပုံ

၁။ ဦးစွာအနေနဲ့ ပုလင်းတွေကို ဆပ်ပြာရည်ပူထဲမှာ သေချာဆေးကြောကာ အခြောက်ခံထားပါ။

၂။ စတော်ဘယ်ရီသီးတွေကို ဆန်ခါထဲထည့်ကာ ရေအေးနဲ့ဆေးပြီး သန့်ရှင်းတဲ့ တဘက်နဲ့သုပ်ပြီး အခြောက်ခံပါ။ ပြီးရင် စတော်ဘယ်ရီသီးတွေကို အလယ်မှ ထက်ခြမ်းခြမ်းလိုက်ပါ။

၃။ ခြမ်းထားတဲ့ စတော်ဘယ်ရီသီးတွေကို ပန်းကန်လုံးတစ်ခုထဲပြောင်းထည့်ကာ အပေါ်မှ သံပုယိုရည်နှင့် သကြားတို့ဖြူးပေးပါ။ ထို့နောက် အသာလေး ဖြည်းဖြည်းချင်း လှုပ်ခါပြီး မွှေပေးပါ။

၄။ ပြီးရင်တော့ စတော်ဘယ်ရီသီးတွေကို ပုလင်းထဲသို့ ပြောင်းထည့်ကာ အပြည့်မထည့်ဘဲ အပေါ်မှ ၁ လက်မလောက်နေရာလွှတ်ထားပေးပါ။ ပြီးရင်တော့ ပုလင်းတွေကို အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သွင်းသိမ်းဆည်းနိုင်ပါပြီ။

Credit: anitalianinmykitchen.com