စားခါနီးမှ ခူးစားရတဲ့ အရသာထဲဟာ အပင်စိုက်ဖူးတဲ့ လူတွေမှ သိနိုင်ပါတယ်။ မီးဖိုချောင်သုံး အသီးအနှံတွေကို အိမ်မှာပဲ တစ်ပိုင်တနိုင် စိုက်ပျိုးလေ့ ရှိသူတွေဟာ ပီတိကိုလည်း ခံစားရနိုင်ပြီး လတ်ဆတ်တဲ့ အသီးအနှံတွေကိုလည်း စားရပါတယ်။ ဒီနေ့ မျှဝေချင်တာကတော့ နေရာသိပ်မလို အလုပ်မရှုပ်တဲ့ ငရုတ်သီး စိုက်နည်းလေးပါ။ မြန်မာတွေအယူမှာ ငရုတ်စိုက်ရင် အိမ်ပူတယ်လို့ ရှိပါတယ်။
ဒါပေမယ့် စိုက်နေကြတာပါပဲ။ အိမ်ရှေ့မစိုက်ကောင်းဘူးဆိုတာလည်း ရှိပါသေးတယ်။ ကျွန်မ ငယ်ငယ်က အိမ်ရှေ့မှာ လူခါးလောက်ထိ မြင့်တဲ့ ငရုတ်ပင်ကြီး ရှိပါတယ်။ အိမ်စားလို့ မကုန်တဲ့အပြင် အိမ်နီးချင်းတွေရဲ့ အားထားရာ အပင်တောင် ဖြစ်ခဲ့ဖူးပါတယ်။ ပိုလို့တောင် မိတ်ဆွေတိုးရပါသေးရှင်။
ငရုတ်ပင် စိုက်တော့မယ်ဆိုရင်တော့ ငရုတ်အကြောင်း အနည်းငယ် သိထားရပါမယ်။ ငရုတ်ဟာ ပူနွေးတဲ့ ရာသီဥတုကို ကြိုက်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ငရုတ်အများဆုံး ထွက်တာဟာ အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာတော့ ဆောင်းတွင်း စိုက်ကြပါတယ်။ ငရုတ်သီးမှာ အမျိုးမျိုး ရှိပါတယ်။ အပု၊ အရှည်၊ အဝိုင်း၊ မိုးမျှော်သီး စသဖြင့် မျိုးစုံလှပါတယ်။ ပထမဦးစွာ စိုက်ပျိုးဖို့အတွက် အောက်ခြေမှာ အပေါက်ပါတဲ့ အိုးလေးတစ်လုံးတော့လိုပါတယ်။
အိုးထဲမှာ မြေဆွေးတွေ ဖြည့်ထားပါ။ ငရုတ်စေ့ကို စိုက်ပျိုးရေးဆိုင်တွေကနေ ဝယ်လို့ရသလို ဈေးကဝယ်လာတဲ့ ငရုတ်သီးထဲမှာ အမှည့်ပါရင်လည်း ရပါတယ်။ အချို့က အခြောက်ခံပြီး စိုက်ပါတယ်။ ခရမ်းချဉ်သီး စိုက်သလိုနဲ့ တူပါတယ်။
အစိုဓာတ် မပြတ်စေဖို့ အတွက် ရေမှန်မှန်တော့ လောင်းရပါမယ်။ အိုင်နေအောင် လောင်းတာမျိုးလည်း မဟုတ်ရပါဘူး။ ၂-၅ ရက်ကြာတဲ့အခါ အစေ့တွေဟာ အပင်ညှောင့်လေး ပေါက်လာပါပြီး။ အစေ့တွေ အများကြီးကို တစ်အိုးထဲမှာ စုထည့်ထားမိရင်တော့ ပြန်ခွဲ စိုက်ရပါမယ်။
တစ်အိုးထဲမှာ တစ်ပင်ပဲ ကောင်းပါတယ်။ ကိုယ်က တစ်ပင်ပဲ လိုချင်တယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ့် အပင်ကို ချန်ပြီး ကျန်တဲ့ အပင်တွေကို နုတ်လိုက်ပါ။ လေရတဲ့ နေရာမှာ ထားပါ။ နေရောင်လည်း အနည်းငယ် လိုပါတယ်။