ယနေ့ခေတ်ကမ္ဘာပေါ်တွင် သားငါးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပင်လယ်စာများ၊ အစေ့အဆံများ စတဲ့ အစားအစာ တန်ပေါင်း ၁.၃ သန်းခန့်က လူသားတွေရဲ့စားသုံးခြင်းမခံရဘဲ အလဟဿပြုန်းတီးသွားပါတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့စွမ်းအင်တွေကို ဖြုန်းတီးရာရောက်တယ်လို့ ဂေဟစနစ်ကို ဖျက်စီးရာရောက်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ပြောဆိုထားကြပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ စိုက်ပျိုးရန်အတွက် မြေကြီး၊ ရေ၊ မြေဆီလွှာ စတဲ့ အားဖြည့်စာများ လိုအပ်တဲ့အတွက်ကြောင့် အစားအစာများ ဖြုန်းတီးခြင်းက ရေကို ဖြုန်းတီးလိုက်တာမို့ ကြာလာရင် ကမ္ဘာကြီးအတွက် ဆိုးကျိုးများလာပါလိမ့်မယ်။

ဒါဆိုရင် အစားအစာတွေကို အလဟဿကုန်ဆုံးမသွားအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ။

အလွန်အကျွံ ဝယ်ယူခြင်းကို ရှောင်ကြဉ်ပါ

Source: Thestyleinsider.co.nz

ဘာတွေကိုတော့ ဝယ်ပြီးသွားပြီ။ ဘယ်အစားအစာတွေကိုတော့ ချက်ပြုတ်ဖို့အတွက် အသုံးပြုပြီးသွားပြီ စတဲ့အချက်တွေကို မှတ်တမ်းတင်ထားပါ။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း မိမိဝယ်မယ့် အမှန်တကယ်လိုအပ်တဲ့ပစ္စည်းတွေကိုပဲ စာရင်းပြုစုထားပြီး ဈေးဝယ်ထွက်ပါ။

ဒီလိုပြုလုပ်ခြင်းက အစားအစာများ ပြုန်းတီးမှုကို ထိန်းချုပ်နိုင်သလို အပိုဝင်ငွေတွေ ဆုံးရှုံးသွားခြင်းကိုလည်း အလိုအလျောက် တားဆီးထားနိုင်ပါလိမ့်မယ်။

ဈေးဝယ်တဲ့အခါ ကုန်လွန်မယ့်သက်တမ်းကို မဝယ်ခင် စစ်ဆေးပါ

Source: Insider.com

ဒီလိုစစ်ဆေးခြင်းအားဖြင့် အစားအစာများ သက်တမ်းကုန်ဆုံးသွားမှ မစားလိုက်ရဘူးဆိုတာ မဖြစ်ရလေအောင် တားဆီးပေးပါလိမ့်မယ်။ ဒါ့အပြင် မိမိဝယ်ပြီးသားအစားအစာများကိုလည်း ကုန်ဆုံးမယ့်သက်တမ်း အမြဲတမ်း စစ်ဆေးဖို့လိုပါလိမ့်မယ်။

ရေခဲသေတ္တာကို အကျိုးရှိရှိ အသုံးချပါ

အချို့အစားအစာများက ရေခဲသေတ္တာထဲ ထားသုံးရင် ကြာရှည်ခံတတ်ပြီး အချို့ကတော့ ရေခဲသေတ္တာထဲ မထည့်တာ အကောင်းဆုံးပါပဲ။ ဘယ်လိုအစားအစာမျိုးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားသင့်လဲဆိုတာကိုလည်း သိထားသင့်ပါတယ်။

မြေဆွေးအဖြစ် အသုံးပြုပါ

Source: Theplaidzebra.com

သစ်သီးအခွံ၊ ဟင်းသီးဟင်းရွက်အခွံ၊ ကြက်ဥအခွံများနှင့် ပိုလျှံနေတဲ့ အစားအစာတွေကို အလွယ်တကူ မလွှင့်ပစ်ဘဲ စိုက်ပျိုးပင်တွေအတွက် မြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်ဆိုရင် အစားအစာများ အလဟဿပြုန်းတီးသွားမှာမဟုတ်တော့ပါဘူး။

ဒီအချက်တွေကို လိုက်နာခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ကမ္ဘာမြေကြီးက ပိုမိုလှပလာပါလိမ့်မယ်။

Source: Healthline.com/nutrition