မိုးရာသီမှာ ပေါတဲ့ အသီးအနှံတစ်မျိုးကတော့ ကြောင်လျှာသီးပါ။ ကြောင်လျှာပင်တွေဟာ တစ်ပင်လုံး အသုံးပြုလို့ ရပါတယ်။ ကြောင်လျှာပင်ဟာ မိုးဦးကျပြီဆိုတာနဲ့ ရွက်နုတွေ ဝေပြီး အပွင့်တွေ စပွင့်ပါတယ်။ အပွင့်တွေကနေ အသီးတွေ ဖြစ်လာတာပါ။ အပင်ကြီးထွားမှုနှုန်း မြန်ပြီး ပေ ၃၀-၄၀ ထိ မြင့်ပါတယ်။ အခေါက်ထူပြီး မီးခိုစိမ်းရောင် အပင်မျိုးပါ။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ပေါက်ရောက်ပြီး အလေ့ကျ ပေါက်လေ့ ရှိပါတယ်။

ကြောင်လျှာရွက်ဟာ သွယ်ပြီး ရွက်ဖျား ချွန်ပါတယ်။ တို့စရာ အဖြစ် မန်ကျည်းမှည့်နဲ့ ပြုတ်ပြီး စားကြပါတယ်။ ငပိရည်နဲ့ တို့စားရင် ထမင်းစား မြိန်စေပါတယ်။ အပွင့်ကတော့ ခေါင်းလောင်းပုံဖြစ်ပြီး အသားထူပါတယ်။ နယုန်၊ ဝါဆို ဆိုရင် အပွင့်တွေ စပွင့်ပါပြီ။ အပွင့်ကို ပြုတ်ပြီး သုပ်စားလို့ ရပါတယ်။ ကြောင်လျှာသီးကတော့ အသီးတောင့် ရှည်ပြီး ပြားပါတယ်။ စိမ်းညိုရောင် ရှိပြီး အတွင်းသားထူပါတယ်။ ရင့်လာတဲ့ အခါ စားရတာ မကောင်းတော့ပါဘူး။ ရင့်လာရင်တော့ အစေ့မှာ အတောင်လေးတွေ ပါပြီး ကြည့်လို့ အင်မတန် လှပါတယ်။ နုတဲ့ အချိန်မှာ ခူးပြီး ကြော်စား၊ သုပ်စား ကြပါတယ်။

Palaqapayyani
ကြောင်လျှပင်ကို မြန်မာဆေးကျမ်းမှာတော့ ခံတွင်းမြိန်စေခြင်း၊ အစာကြေလွယ်ခြင်း၊ နှလုံး၊ လည်ပင်းကို အကျိုးပြုခြင်း၊ ဝမ်းမီးကို တောက်စေခြင်း၊ လေသလိပ် နိုင်စေခြင်း၊ မြင်းသရိုက်၊ ဝမ်းသက်၊ အဖျား၊ အစာမကြေ၊ နူနာ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတွေကို ပျောက်ကင်းစေနိုင်ပြီး ခွန်အားကို တိုးပွားစေတယ်လို့ ဖော်ပြထားပါတယ်။

Oroxylum_indicum
ကြောင်လျှာရွက်ကို ညှစ်ပြီး အရေသောက်ရင် ဘိန်းဆိပ်သင့်ခြင်းကို ပျောက်စေပါတယ်။ တို့စားရင်တော့ ခံတွင်းမြိန်ပြီး ဝမ်းမီးတောက်စေပါတယ်။ ကြောင်လျှာသီးကတော့ ပြုတ်ပြီးဖြစ်စေ၊ ဖုတ်ပြီး ဖြစ်စေ စားပေးရင် အစာမကြေ၊ လည်ပင်းကြီးရောဂါ၊ သရိုက်ရောဂါ တို့ကို ပျောက်စေပါတယ်။ သုပ်စားရင်တော့ လည်ချောင်း အပူနာ ဖြစ်တဲ့ ရောဂါ သက်သာစေပါတယ်။

ကြောင်လျှာသီးကို ပြုတ်ပြီး သုပ်စားလို့ ရသလို အစိမ်းကို ခပ်ပါးပါး လှီးပြီး ကြက်သွန်နီ၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ပဲမှုန့်၊ သံပုရာသီးတို့နဲ့လည်း သုပ်စားကြပါတယ်။ ပုဇွန်ခြောက်ကို ထောင်းပြီး ရောကြော်စားလို့လည်း ရပါတယ်။

သတိပြုရန်ကတော့ ကြောင်လျှာသီးနဲ့ ငါးသေတ္တာ တွဲမစားမိစေရန် သတိထားပါ။

Credit: မြန်မာ့ဆေးကျမ်း