ငါးဆိုတာနဲ့ ရေထဲနေတဲ့ သတ္တဝါလို့ပြေးမြင်ကြပါတယ်။ အများအားဖြင့် ငါးတွေက ရေထဲမှာနေကြပေမယ့် တချို့ငါးတွေကတော့ ကုန်းပေါ်မှာလည်း နေနိုင်ကြပါတယ်။

ကုန်းတွင်းငါးလို့တင်စားခေါ်ဝေါ်ကြတဲ့ Lungfish က ရေချိုငါးတစ်မျိုးဖြစ်ပြီး ရေမရှိဘဲ ကုန်းပေါ်မှာ လနဲ့ ချီပြီးနေထိုင်နိုင်ကြပါတယ်။ တချို့ဆိုရင် နှစ်နဲ့ချီပြီးတောင် နေကြပါတယ်။

Lungfish တွေနဲ့ တခြားငါးတွေ မတူညီတာက Lungfish တွေရဲ့ အသက်ရှူစနစ်က ကုန်းနေသတ္တဝါတွေလိုဘဲ လေထဲက အောက်စီဂျင်ကို တိုက်ရိုက်ရယူနိုင်တာဖြစ်ပါတယ်။

ကုန်းပေါ်မှာ အနေကြာသွားတဲ့ Lungfish တွေက ဘဟက်ကနေ အသက်ရှူတဲ့ပုံစံ တဖြည်းဖြည်းလျော့သွားပြီး လေထဲက အောက်စီဂျင်ကို တိုက်ရိုက်ရယူအသက်ရှူတာကို ပိုအားသာလာပါတယ်။

ဒါ့ကြောင့် ဒီလိုငါးတွေက ရေထဲမှာပြန်ရောက်ရင်တောင် ရေမျက်နှာပြင်အပေါ်တက်ပြီး အသက်လာရှူရပါတယ်။

ဒါ့ကြောင့် ဒီလို ငါးမျိုးတွေက ရေအောက်ထဲမှာ အကြာကြီးနေရင် ရေနစ်တာမျိုးတွေတောင် ကြုံရတတ်ပါတယ်။

Lungfish တွေရဲ့ ခန္ဓာကိုယ်က ငါးရှဉ့်လိုဖြစ်ပြီး ငါးအတောင်ပံတွေက ရေကူးလို့လည်းရသလို လူးလိမ့်သွားလို့လည်းရပါတယ်။

ဒါ့ကြောင့် သူတို့ကို ရေတိမ်တဲ့ အိုင်တွေမှာလည်းတွေ့ရသလို ရေကန်အကြီးကြီးတွေမှာလည်းတွေ့ရပါတယ်။

ရေရှိနေရင် Lungfish က တခြားသာမန်ငါးတွေလိုဘဲ ရေထဲမှာကူးခက်တယ်၊ ငါးအသေးလေးတွေ စားသုံးတယ်၊ မြစ်အောက်ကြမ်းပြင်၊ ကန်ကြမ်းပြင်မှာရှိတဲ့ တခြားရေနေသတ္တဝါအသေးလေးတွေကို စားသုံးပါတယ်။

ဒါပေမယ့် နွေရာသီရောက်လို့ ရေခမ်းလာရင် Lungfishတွေက ရွံ့တွေ၊ မြေကြီးထဲကို တူးဝင်ပြီး အဆင်ပြေလောက်တဲ့ အနက်ရောက်ရင် ထပ်မတူးတော့ဘဲ အရေပြားကနေ အကျိအချွဲတချို့ ထုတ်လုပ်လိုက်ပြီး သူ့ဘေးနားက မြေကြီးတွေကို မာသွားစေပြီး အကာအကွယ်တစ်ခုလိုဖြစ်သွားပါတယ်။

အသက်ရှူဖို့ ပါးစပ်တစ်ခုဘဲ လွှတ်ထားပါတယ်။ အခုလိုအခြေအနေမှာ Lungfish ရဲ့ ဇီဝကမ္မဖြစ်စဉ်ကလည်း နှေးသွားပြီး အမြီးပိုင်းက ကြွက်သားထဲက သိုလှောင်စွမ်းအင်တွေနဲ့ အသက်ဆက်ပါတယ်။

ရေပြန်တက်လာရင်၊ ရွံ့တွေပြန်စိုလာရင်တော့ တွင်းထဲကနေထွက်ပြီး ရေထဲကိုပြန်ဝင်လာပါတယ်။

အခုလို ရွံ့ခြောက်တွေ၊ တွင်းတွေထဲမှာ Lungfish တွေက ၄ နှစ်လောက်နေနိုင်ကြပါတယ်။

Lungfish တွေကို အာဖရိက၊ တောင်အမေရိက နဲ့ သြစတေးလျတို့မှာတွေ့ရပါတယ်။ အာဖရိကမှာတော့ ဒေသခံတွေက တွင်းအောင်းနေတဲ့ငါးတွေကို ရှာပြီး ဟင်းစားအဖြစ်စားသုံးကြပါတယ်။